Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက် ဩစတြေးလျမှာ လူကို ငါးမန်းဆွဲသွား၊ အလောင်းပြန်မရသေး

အနောက် ဩစတြေးလျ ကမ်းလွန်မှာ ရေကူးနေသူ တစ်ဦးကို ငါးမန်းဆွဲသွားပြီး အလောင်းပါ ပျောက်ဆုံးနေပါတယ်။

ဓာတ်ပုံ - AP

အနောက် ဩစတြေးလျ ကမ်းလွန်မှာ ရေကူးနေသူ တစ်ဦးကို ငါးမန်းဆွဲသွားပြီး အလောင်းပါ ပျောက်ဆုံးနေပါတယ်။

ပါ့သ်မြို့မြောက်ဖက်က ဆိုရွန်တို ကမ်းခြေနဲ့ မီတာ ၅၀ လောက်အကွာ ရေပြင်မှာ အဖော်တစ်ဦးနဲ့အတူ ရေကူးနေတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသားကို စက်တင်ဘာ ၁၈ ရက်နေ့မှာ ငါးမန်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ငါးမန်းတိုက်ခိုက်မှု ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့နောက် ကမ်းခြေလုံခြုံရေး တပ်ဖွဲ့တွေက အသည်းအသန် ဖြန့်ကျက် ရှာဖွေနေပေမယ့် စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းထိ အလောင်းကို ပြန်မရသေးပါဘူး။

မျက်မြင်တွေရဲ့ ထွက်ဆိုချက်အရ တိုက်ခိုက်ခဲ့တဲ့ ငါးမန်းဟာ အတော်လေး အကောင်ကြီးတယ်လို့ ယုံကြည်ရပေမယ့် တိုက်ခိုက်တဲ့ ငါးမန်း အမျိုးအစားကိုတော့ မသိရသေးပါဘူး။ ရဟတ်ယာဉ်ပေါ်ကနေ လိုက်ရှာချိန်မှာတော့ ပေ ၂၀ နီးပါးလောက်ထိ ကြီးထွားတဲ့ ငါးမန်းဖြူကြီးတစ်ကောင် အနီးအနားမှာ ကူးခတ်နေတာကို တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ်းခြေထိ ရေကူးပြီး အန္တရာယ်ကင်းကင်း ပြန်ရောက်လာနိုင်ခဲ့တဲ့ အဖော်ဖြစ်သူရဲ့ အဆိုအရ ငါးမန်းတိုက်ခိုက်မှုအတွင်း ကံဆိုးသူ အမျိုးသားဟာ ရေပြင်ပေါ်ကိုပါ လွင့်စဉ်သွားတာကို မြင်ခဲ့ရကြောင်း၊ ပြီးတော့ နေရာအနှံ့ သွေးချင်းချင်း နီသွားခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ကမ်းခြေတဝိုက်မှာ ငါးမန်းအန္တရာယ် သတိပေးချက် ဆက်ပြီး ထုတ်ပြန်ထားသလို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းထိ ဆိုရွန်တို ကမ်းခြေကို ဆက်ပိတ်ထားပြီး အခြေအနေ စောင့်ကြည့်နေဦးမယ်လို့ ဆိုပါတယ်။ လူတွေကိုလည်း ရေထဲ လုံးဝမဆင်းဖို့ ကမ်းခြေ လုံခြုံရေး အရာရှိတွေက လိုက်လံ သတိပေးနေပါတယ်။

ဒါ့အပြင် ဝမ်နာရူးမြို့ အနီးတဝိုက် ကမ်းခြေအားလုံးကိုလည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်းထိ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။

အာဏာပိုင်တွေကတော့ သေဆုံးသူရဲ့ အဖော်ဖြစ်သူဟာ အရမ်းတုန်လှုပ်နေသလို သူ့သူငယ်ချင်းကို ဘာအကူအညီမှ မပေးနိုင်ခဲ့တဲ့ အပေါ်မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ အခုဖြစ်ရပ်ကို ရေကူးနေသူတွေနဲ့ ကမ်းစပ်မှာ လမ်းလျှောက်နေသူ တချို့ကပါ တွေ့မြင်ခဲ့ကြရပါတယ်။

ဩစတြေးလျမှာတော့ သာမန်အားဖြင့် လူကိုတိုက်ခိုက်သွားတဲ့ ငါးမန်းတွေကို လိုက်လံရှာဖွေ သတ်ဖြတ်တာမျိုး လုပ်လေ့မရှိပါဘူး။ ငါးမန်းအများစုဟာ ကမ်းရိုးတန်းနားကို မတော်တဆ ချဉ်းကပ်လာပြီးရင် ပင်လယ်ပြင်ဖက် ပြန်လည် ထွက်ခွာသွားလေ့ ရှိတာကြောင့်ပါ။

အခုဖြစ်စဉ်မှာတော့ တိုက်ခိုက်သွားတဲ့ ငါးမန်းက အရွယ်အစား ကြီးမားလွန်းပြီး နောက်ထပ် အန္တရာယ် ပေးနိုင်ခြေလည်း ရှိတာကြောင့် ရှားပါး အခြေအနေအဖြစ် လိုက်လံရှာဖွေ ဖျက်ဆီးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း ဩစတြေးလျမှာ ငါးမန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ ဦးထိ ရှိလာပြီလို့လည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းရေပြင်မှာ တရုတ်က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့တဲ့အပေါ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ညီလာခံ တက်ရောက်လာချိန်မှာ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ကန့်ကွက် ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ လူတစ်ဦးကို ငါးမန်းတိုက်ခိုက်ပုံ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။

နိုင်ငံတကာ

ဘဟားမားစ် ကမ်းလွန်ရေပြင်က ငါးမန်းတွေဟာ မူးယစ်ဆေး၊ ကဖိန်းဓာတ်တွေနဲ့ ထိတွေ့ထားမှုတွေ ရှိနေကြောင်း သုတေသန စစ်တမ်းအသစ် တစ်ခုက ညွှန်ပြနေပါတယ်။

နိုင်ငံတကာ

ဩစတြေးလျနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ ၄၈ နာရီအတွင်း ငါးမန်းတိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ခဲ့တဲ့နောက် ပင်လယ်ထဲ ရေဆင်းမကူးကြဖို့ အာဏာပိုင်တွေက သတိပေး ဆော်ဩထားပါတယ်။