ဘဟားမားစ် ကမ်းလွန်ရေပြင်က ငါးမန်းတွေဟာ မူးယစ်ဆေး၊ ကဖိန်းဓာတ်တွေနဲ့ ထိတွေ့ထားမှုတွေ ရှိနေကြောင်း သုတေသန စစ်တမ်းအသစ် တစ်ခုက ညွှန်ပြနေပါတယ်။
ကာရေဘီယန် ပင်လယ်ထဲက ကျွန်းနိုင်ငံငယ်လေး တဝိုက်မှာရှိတဲ့ ငါးမန်းတွေ စားသောက်ထားတဲ့ထဲမှာ ကဖိန်းဓာတ်၊ အကိုက်အခဲပျောက်ဆေးတွေကအစ ကိုကင်း မူးယစ်ဆေးတွေထိ ရောနှော ပါဝင်နေတယ်လို့ အဏ္ဏဝါ သိပ္ပံ သုတေသန ပညာရှင်တွေက ပြောပါတယ်။
အဏ္ဏဝါ ဇီဝဗေဒ သိပ္ပံပညာရှင်တွေ စုထားတဲ့ သုတေသီ အဖွဲ့ဟာ ဘဟားမားစ် တဝိုက်မှာရှိတဲ့ ငါးမန်းမျိုးစိတ် ၅ ခုရဲ့ စုစုပေါင်း ငါးမန်း ၈၅ ကောင်ဆီက သွေးနမူနာတွေကို ရယူခဲ့ပါတယ်။ ကမ်းရိုးတန်းနဲ့ ၄ မိုင်လောက်အကွာ ရေပြင်မှာရှိတဲ့ ဝေးလံသီခေါင်တဲ့ ကျွန်းငယ်တစ်ခုနားမှာ ငါးမန်းတွေကို ဖမ်းယူပြီး တရားဝင်နဲ့ တရားမဝင် ဆေးဝါး အမျိုးအစား ၂၄ ခု ပါဝင်မှု ရှိမရှိ သွေးစစ်ခဲ့တာ ဖြစ်ပါတယ်။
ငါးမန်း ၂၈ ကောင်ရဲ့ သွေးထဲမှာ ကဖိန်းဓာတ်တွေ တွေ့ခဲ့ပြီး အကိုက်အခဲနဲ့ ရောင်ရမ်းမှု ပျောက်ဆေးထဲက ဓာတ်ပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဆေးစစ်ရလဒ် တစ်ခုကတော့ ငါးမန်းတစ်ကောင်ဟာ ကိုကင်းသုံးထားတယ်လို့ပါ ထွက်ပေါ်လာပါတယ်။ တချို့ဆေးစစ်ရလဒ်တွေမှာ သွေးထဲမှာ လူလုပ် ဓာတ်ပစ္စည်းတွေ တစ်ခုထက်မက ရောနှောပါဝင်နေတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

Public Service Announcement
အဲဒီ ပစ္စည်းတွေဟာ ပင်လယ် သမုဒ္ဒရာတွေထဲ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်မှုတွေကနေ ငါးမန်းတွေရဲ့ အစာအဖြစ် ပြောင်းလဲသွားတာလို့ ယူဆရပါတယ်။ ပင်လယ် သမုဒ္ဒရာတွေနဲ့ ရေထုကို အခုလို နည်းလမ်းတွေနဲ့ ညစ်ညမ်းစေတာဟာ စိုးရိမ်စရာ ပြဿနာတစ်ခု ဖြစ်လာနေတယ်လို့ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
နောက်ပြီး လူလုပ် ဓာတ်ပစ္စည်းတွေကို စားသုံးမိတဲ့အခါ ငါးမန်းတွေရဲ့ ကျန်းမာရေးနဲ့ အမူအကျင့်ပိုင်းကို သက်ရောက်မှုတွေ ရှိလာမှာကိုလည်း သုတေသီတွေက စိုးရိမ်နေပါတယ်။ လူလုပ်ဓာတ်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေညစ်ညမ်းမှု အကျိုးဆက်တွေက ဘဟားမားစ်မှာ ရှိနေတဲ့ ငါးမန်းတွေအပေါ် ဘယ်လို သက်ရောက်သလဲ ဆိုတာကို အခုသုတေသန ရလဒ်က ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း ညွှန်ပြလာခဲ့တယ်လို့ ဦးဆောင် သုတေသီဖြစ်သူ ဘရာဇီးနိုင်ငံ၊ ပါရာနာ ဖက်ဒရယ် တက္ကသိုလ်ရဲ့ ဇီဝဗေဒ ပါမောက္ခ နာတက်စ်ချာ ဝေါ့စ်နစ်ခ်က ပြောကြားခဲ့ပါတယ်။
တချို့ ဓာတ်ပစ္စည်းတွေဟာ ငါးမန်းတွေရဲ့ ဇီဝကမ္မ ဖြစ်စဉ်နဲ့ စိတ်ဖိစီးမှုလို အခြေအနေတွေအပေါ် သက်ရောက်မှု ရှိစေတယ်လို့လည်း ပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြဿနာက ငါးမန်းတွေအပေါ် ဘယ်လောက်ထိ ဒုက္ခပေးနိုင်သလဲ၊ ဒါမှမဟုတ် အရမ်းကြမ်းတမ်း ရန်လိုလာနိုင်သလား ဆိုတာကို တိတိကျကျ သိရှိနိုင်ဖို့တော့ ပိုမိုကျယ်ပြန့်တဲ့ လေ့လာမှုတွေ လိုအပ်နေဆဲလို့ သုတေသီတွေက ဝန်ခံခဲ့ပါတယ်။
လောလောဆယ် ဦးစားပေးအဆင့် စိုးရိမ်ရမှာက ငါးမန်းတွေဟာ လူတွေအပေါ် ပိုပြီး ရန်လိုလာမလား ဆိုတာထက် ငါးမန်းတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လို ထိခိုက်လာမလဲဆိုတာ ဖြစ်တယ်လို့ ဝေါ့စ်နစ်ခ်က ဆိုပါတယ်။ ပုံမှန်ဆိုရင် ပင်လယ်သမုဒ္ဒရာအတွင်း ဂေဟစနစ်တွေနဲ့ လုံးဝဥဿုံ သီးခြားဖြစ်နေမယ့် ဓာတ်ပစ္စည်းတွေနဲ့ ငါးမန်းတွေ ရေရှည် ထိတွေ့မိနေခြင်းဟာ လောလောဆယ် လူတွေ ကောင်းကောင်း နားမလည်နိုင်သေးတဲ့ ဆိုးကျိုးတွေ အများကြီး ဖြစ်လာစေနိုင်ကြောင်းလည်း သူက သတိပေးသွားပါတယ်။
ကိုးကား: CBS


















































