စက်တင်ဘာ၂၈၊၂၀၂၆။အိမ်သွင်/People’s Spring
တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးကြုံတွေ့နေပြီး လောင်းလုံးမြို့ဟာ လက်ရှိမှာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရတဲ့ မြို့နယ်ဖြစ်ပါတယ်။ကယ်ဆယ်ရေး အကူအညီတွေ အရေး ပေါ်လိုအပ်နေတယ်လို့ဒေသခံတွေပြောပါတယ်။
တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်ရန်ဖို့ အကန့်သတ်တွေ ရှိနေပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေက ပြည်သူတွေကို ဘေးကင်းနေရာသို့ ရွှေ့ပြောင်းပေးပြီးလိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ရေကြီး၊ တောင်ပြိုအန္တရာယ်ရင်ဆိုင်နေရတဲ့ ကျေးရွာတွေမှာ အကူညီပေးနေတဲ့ အဖွဲ့အစည်းေတွ၊ ဒေသခံပြည်သူတွေအနေနဲ့ အကူအညီလိုအပ်ရင် ဆက်သွယ်တောင်းခံဖို့လည် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Public Service Announcement
လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့် ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာ အဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က ဒီကနေ့ စက်တင်ဘာ၂၈ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကလည်း စက်တင်ဘာ ၂၄ ရက်ကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိ အရေး ပေါ်အခြေအနေတွေဖြစ်နေသေးတယ်လို့ တော်လှန်ရဲဘော်တွေနဲ့ဒေသခံတွေကပြောပါတယ်။ဒီနေ့မနက်မှာလည်း လောင်းလုံးမြို့နယ်ရဲ့ အနောက်ဘက်တောင်တန်းဟာ ဆက်လက် မြေပြိုနေပြီး အနီးပတ်ဝန်းကျင်မှာနေသူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
လက်ရှိ ရေ ဘေးကြုံတဲ့ဒေသတွေဟာ စစ်တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရေဘေးနဲ့ မြေပ်ြိုမှုအဆိုးဆုံးရင်ဆိုင်နေရတဲ့လောင်းလုံးမြို့မှာ မြို့ပေါ်ကိုပဲ ကူညီရေးလုပ်နိုင်ပြီး ကျေးရွာတွေကို မသွားရောက်နိုင်ဘူးလို့ စစ်တပ်က ယမန်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
” မြို့ပေါ်က မဆိုးရွားဘူး။ အခြေအနေကရွာတွေမှာ ဆိုးတာ။ မိုးက မရပ်တော့ ရှေ့ဆက်ပြီး ကြောက်နေရတယ်”လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။
သရက်ချောင်းမြို့နယ်မှာ ကြာအင်း ၊ ကြက်စာပြင် ၊ ကထီးဝ၊ညောင်ဇင်၊သူရဲတောင် ၊ ကင်းရှေ့ ၊ စော်ဖျား ၊သင်ကျွန်း၊ ဥတ္တူရွာ ၊ မဲနယ်အိုးရွာတွေမှာ ရေဘေးဆိုးရွားနေပြီ လူသေဆုံးမှုတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
ယခုရက်ပိုင်းမှာ ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး တနင်္သာရီတိုင်းမှာ ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA) က သတိပေးထားပါတယ်။


















































