စက်တင်ဘာ – ၂၈ ၊၂၀၂၆
စက်တင်ဘာ လလယ်ကစလို့ ထိုင်းနိုင်ငံ အနှံ့မှာ ရေကြီးမှုတွေနဲ့ ဆက်စပ် သေဆုံးသူ ၈ ဦးထိ ရှိလာကြောင်း သိရပါတယ်။
ထိုင်းအစိုးရရဲ့ စက်တင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်မှာ နှစ်ပတ်လောက်အတွင်း ရေကြီးမှုတွေကြောင့် စုစုပေါင်း ရှစ် ဦး သေဆုံးတာကို ဖော်ပြထားပေမယ့် လတ်တလော ရေကြီးပြီး အရေးပေါ် အခြေအနေတွေ ကြေညာထားတဲ့ မြို့တော် ဘန်ကောက်မှာတော့ သေဆုံးသူ မရှိဘူးလို့ အတည်ပြုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နှစ်ရက်လောက် မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဘန်ကောက်မှာ ရေကြီးပြီး ခရိုင်အားလုံး အရေးပေါ် အခြေအနေ ကြေညာထားခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement
သေဆုံးသူ ရှစ်ဦးစလုံးဟာ ထိုင်းနိုင်ငံရဲ့ အရှေ့ပိုင်း ပြည်နယ်တွေမှာ နေထိုင်သူတွေလို့ ဘေးအန္တရာယ် တားဆီးလျှော့ချရေးဌာန (DDPM)ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီထဲက ငါးဦးဟာ ဆာ့ခို ပြည်နယ်ကဖြစ်ပြီး ချန်သာဘူရီမှာ နှစ် ဦး၊ ဆာရာဘူရီမှာ တစ် ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ထိုင်းမှာတော့ ပြည်နယ် စုစုပေါင်း ၂၇ ခုထဲမှာ အိမ်ခြေ ငါး သိန်းကျော်၊ လူဦးရေ ၁.၇ သန်းကျော်ဟာ ရေကြီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း DDPMရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၂၆ ရက်နေ့ နောက်ပိုင်း ဘန်ကောက် ရေကြီးမှုတွေကြောင့် အိမ်ခြေတွေ ထိခိုက်မှု စာရင်းက ၅၂,၀၀၀ လောက် ထပ်တိုးလာတယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့မှာ ဘန်ကောက်ရဲ့ ရေတက်တဲ့ အခြေအနေက ပြန်လည် တည်ငြိမ်လာသလို ရေကြီးလို့ အသေအပျောက် မရှိကြောင်းလည်း DDPMက ကြေညာထားပါတယ်။ ဒါပေမဲ့ အဲဒီနေ့ထိ အနည်းဆုံး ဘန်ကောက်အရှေ့ပိုင်း မြို့နယ်တစ်ခုလောက် ရေမြုပ်နေဆဲလို့ AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရေကြီးမှုကြောင့် ဘန်ကောက်မှာ ကျောင်းတွေကို ပိတ်ထားပြီး လူတွေကိုလည်း အတတ်နိုင်ဆုံး အိမ်ကနေပဲ အလုပ်လုပ်ဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့မှာ ဘန်ကောက်ရဲ့ ယာဉ်အသွားအလာ အသံဗလံတွေကလည်း သာမန်ထက် သိသိသာသာ တိတ်ဆိတ်နေပါတယ်။
ရေဆင်းစနစ်တွေ ကောင်းကောင်း ပြန်အလုပ်လုပ်နေတဲ့အတွက် ဘန်ကောက်ရဲ့ ဧရိယာ တော်တော်များများမှာ ရေစကျလာနေပြီလို့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ အက္ကာပေါ့၊ ပီယန်ပစ်ဆက်စ်က ပြောကြားသွားပါတယ်။
ကိုးကား – AFP


















































