သုံးပွင့်ဆိုင် ထိပ်သီး တွေ့ဆုံပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရသင့်ကြောင်း အဆိုပြုရေးကိစ္စ ဆွေးနွေးခဲ့တယ် ဆိုတာကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အတည်ပြုသွားခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ပူတင်၊ ထရမ့်နဲ့ အိမ်ရှင်သမ္မတ ရှီကျင့်ဖျင်တို့ဟာ သမိုင်းဝင် ပထမဆုံး အကြိမ်အဖြစ် သုံးပွင့်ဆိုင် တွေ့ဆုံပြီး အကြောင်းအရာ တချို့ကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီထဲမှာ ထရမ့်က နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရသင့်တယ်ဆိုပြီး ထောက်ခံ အတည်ပြုရေးကိစ္စ ပါဝင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီကိစ္စ ဟုတ်မဟုတ် မေးမြန်းကြတဲ့အခါ ပူတင်က ဒီအကြောင်းကို ပေါ့ပေါ့ပါးပါး သဘောလောက်တော့ ဆွေးနွေးဖြစ်ခဲ့ကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။
ထရမ့်ဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အကြီးဆုံး နိုင်ငံရေးဆိုင်ရာ အသိအမှတ်ပြုမှု တစ်ခုလို့ ဆိုနိုင်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လိုချင်ကြောင်း အတိအလင်း ထုတ်ပြောထားဖူးပါတယ်။ သူဟာ ကမ္ဘာတလွှားက စစ်ပွဲတွေ၊ ပဋိပက္ခတွေကို ကြားဝင် ဖြေရှင်းပေးခဲ့သလို ကြိုတင်ဟန့်တားတာတွေလည်း လုပ်ခဲ့တဲ့အတွက် ဒီဆုနဲ့ ကျိန်းသေပေါက် ထိုက်တန်တယ်ဆိုတဲ့ သဘောမျိုးလည်း ထရမ့်က ပြောဆိုထားပါတယ်။

Public Service Announcement
ပြီးတော့ အခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို သူ့ကို မပေးတဲ့အတွက်လည်း မပျော်ရွှင်ကြောင်း ထရမ့်က ဝန်ခံခဲ့ပြီး အဲဒီဆုံးဖြတ်ချက်အတွက် နော်ဝေးနိုဘယ်လ် ကော်မတီကိုလည်း ထရမ့်က ဝေဖန်ထားပါတယ်။
ဆွေးနွေးပွဲ အပြီးမှာတော့ ရှီ၊ ပူတင်နဲ့ ထရမ့်တို့ရဲ့ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် အလားတူ အဖွဲ့အစည်းတွေ အနေနဲ့ တရားစီရင်ရေး အခွင့်အာဏာကို အလွဲသုံးစား မပြုသင့်ဘူးလို့ ဖော်ပြထားပါတယ်။ အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သူ နာဗီပီလေးဟာ ICCရဲ့ တရားသူကြီးဟောင်းတစ်ဦး ဖြစ်ပါတယ်။ ICCဟာ ယူကရိန်း စစ်ပွဲကိစ္စနဲ့ ပတ်သက်လို့ ပူတင်ကိုလည်း ဖမ်းဝရမ်း ထုတ်ထားတဲ့ အဖွဲ့အစည်းပါ။
ထရမ့်ရဲ့ လေသံနဲ့ ခပ်ဆင်ဆင်ပဲ ပူတင်ကလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ သဘောမျိုး ပူတင်ကလည်း ပြောသွားခဲ့ပါတယ်။ လက်ရှိ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုတွေက တကယ်ပဲ တန်ဖိုးတစ်ခုခု ရှိရဲ့လားဆိုတာ သူလည်း သေချာ မသိတော့ကြောင်း၊ သူ့အမြင်အရ ဒီဆုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို လက်တွေ့ ဆောင်ကြဉ်းပေးခဲ့သူတွေထက် နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ ချီးမြှင့်နေတာမျိုး ဥပမာတွေလည်း တကယ်ပဲ ရှိနေခဲ့ကြောင်း ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။
ဆွေးနွေးပွဲ အစပိုင်းမှာ ထရမ့်ဟာ ပူတင်ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့တယ်လို့ သံတမန် အသိုက်အဝန်းက ဆိုပါတယ်။ ထရမ့်က ရုရှားရဲ့ အာဏာရှင် သမ္မတကို ညွှန်ပြပြီး အဲဒါ ဘယ်သူလဲလို့ မေးခဲ့သလို သူကိုယ်တိုင်ပါ အဲဒါက သူ့ရဲ့ မိတ်ဆွေကြီးပေါ့လို့ ဆက်ပြောခဲ့ကြောင်း သိရပါတယ်။
ကိုးကား: USA Today
























































