အောက်တိုဘာ ၁၊ ၂၀၂၆။ ထားမြတ်၊ရွှေပြည်စိုး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က မန္တလေးဘက်ကနေ အင်အားတွေ ဖြည့်တင်းထားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် ၃၆ စီးဟာ အောက်တိုဘာ ၁ရက် မနက် ၁၀နာရီခွဲလောက်မှာ မိုးမြိတ်မြို့ကို ရောက်လာတာလို့ ဆိုပါတယ်။
KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်တပ်က KIAနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို အင်အားဖြည့်တာတွေ လုပ်နေတယ်လို့ အတည်ပြုပါတယ်။ မိုးမိတ်မြို့ကို စစ်တပ်က ကားတွေနဲ့ စစ်အင်အားဖြည့်တင်းဖို့ လုပ်နေတဲ့ သတင်းတွေ ရရှိထားသလို မိုးမိတ်မြို့က ဗျူဟာကျတဲ့ တပ်စခန်း ၁ခု သိမ်းပိုက်ရရှိတာဟာလည်း အတည်ပြုလို့ရတယ်လို့ ပြောပါတယ်။

Public Service Announcement
” မိုးမိတ်က သူတို့ရဲ့ ဗျူဟာကုန်းတခုကိုတော့ KIAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်တယ်ဆိုတာ သတင်းအချက်အလက် အပြည့်အစုံမရှိလည်း အတည်ပြုနိုင်တဲ့ သတင်းတော့ ရပါတယ်။
မန္တလေးဘက်ကနေ ကားနဲ့ စစ်အင်အားတွေ တော်တော်များများ တက်လာတယ်ဆိုတဲ့ သတင်းတွေ ကြားပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ စက်တင်ဘာ ၃၀ရက် သတင်းဖော်ပြချက်မှာ မိုးမိတ်မြို့တိုက်ပွဲ အကြောင်း ဖော်ပြထားပါတယ်။ မြိုနဲ့ (၃)မိုင်ခန့်အကွာမှာရှိတဲ့ ညောင်နီကျေးရွာ ရွှေသမင်ကုန်း တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ တပ်စခန်းနေရာဟာ အရင်က KIA တပ်စခန်း နေရာဖြစ်ပြီး စစ်တပ် ထိုးစစ်ဆင် သိမ်းပိုက်ထားလို အခု ပြန်လည်ရယူခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ စစ်ကူတွေကို မိုးမိတ်မြို့အဝင်မှာ တိုက်ခိုက်ခဲ့တာရှိကြောင်းလည်း သတင်းရင်းမြစ်က ပြောပြပါတယ်။
စစ်ရေးတင်းမာနေတဲ့မိုးမိတ်မြို့ကို မန္တလေး-မိုးမိတ်လမ်းအတိုင်း လေကြောင်းလုံခြုံရေးအကူအညီနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အားတွေပို့ဆောင်နေပြီး ဒီကမှာလည်း မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
” အပေါ်က Y12 တောက် လျှောက်ပတ်တယ်။ လမ်းမှာ အရပ်သားတွေကို ရပ်ခိုင်းတယ်။ သူတို့ကားတန်းလွန်မှ သွားခိုင်းတယ်။ အဲဒီကားတန်းကမိုးမိတ်မြို့ထဲအထိရောက်သွားပြီ”လို့ ကားတန်းနဲ့ ဆုံခဲ့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ကားတွေပေါ်မှာ စစ်သင်တန်းဆင်းလူငယ်အများအပြားတွေ့ရတယ်လို့ ပြောပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်မှာ ဖွဲ့စည်းခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။ပြီးခဲ့တဲ့ သြဂုတ်ကလည်း ညောင်နီရွာအနီးမှာ စစ်တပ်နဲ့ SSPP/SSA တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။



















































