အောက်တိုဘာ – ၄ ၊၂၀၂၆
ထိုင်းနိုင်ငံက အထည်ချုပ် စက်ရုံတစ်ခုရဲ့ အလုပ်သမားဆောင်မှာ မီးလောင်ရာက စက်ရုံကို မီးကူးစက်ခဲ့ပြီး မြန်မာဝန်ထမ်း ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။
အောက်တိုဘာ ၄ ရက်နေ့က မဲဆောက်အလယ်ပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဝတ်လွမ်ရပ်ကွက်နားက မဲဆောက်ဆေးရုံနဲ့ မနီးမဝေးမှာရှိတဲ့ အထည်ချုပ် စက်ရုံနဲ့ အလုပ်သမားဆောင်မှာ မီးလောင်ခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ရန်းသောင်တူရန်းက ပြောပါတယ်။
မဲဆောက်နဲ့ အနီးတဝိုက် ဒေသတွေရဲ့ မီးသတ်ဌာနတွေက စေလွှတ်တဲ့ မီးသတ်ကား ၁၀ စီးထက်မနည်းက အခင်းဖြစ်ရာ နေရာကို ရောက်လာပြီး မီးငြှိမ်းသတ်ခဲ့ကြပါတယ်။

Public Service Announcement
မီးလောင်မှု ဖြစ်တဲ့ နေရာဟာ လူဦးရေ ထူထပ်ပြီး အဆောက်အအုံတွေကလည်း တစ်ခုနဲ့တစ်ခု နီးနီးကပ်ကပ် ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေရဲ့အဆိုအရစက်ရုံနားမှာပဲတည်ရှိတဲ့ ၁၀ ခန်းတွဲ အလုပ် သမားဆောင်တွေကနေ မီးစလောင်ခဲ့တာလို့ သိရပါတယ်။
အဆောင်တွေက သက်တမ်းအိုဟောင်းနေတဲ့ သစ်သား အဆောက်အအုံတွေဖြစ်ပြီး ခပ်မြန်မြန်ပဲ မီးကူးစက်ကုန်တယ်လို့ သိရပါတယ်။ စက်ရုံမှာလောင်တဲ့ မီးက အတော်လေး ပမာဏ ကြီးမားတာကြောင့် မည်းနက်တဲ့ မီးခိုးလုံးတွေကို ထိုင်း-မြန်မာ နယ်စပ်နားကနေပါ လှမ်းမြင်နေခဲ့ရပါတယ်။
မီးစလောင်တုန်းက စက်ရုံထဲမှာ မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၀ ကျော် အလုပ်လုပ်နေခဲ့ပါတယ်။ စက်ရုံဆီ မီးကူးစက်လာချိန်မှာ အားလုံး ထိတ်လန့်တကြားနဲ့ ထွက်ပြေးခဲ့ပါတယ်။ မီးသတ် တပ်ဖွဲ့တွေက မီးကို တစ်နာရီကျော် အချိန်ယူ ငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်မှုအတွင်း အလုပ်သမားတစ်ယောက် လက်မောင်းနားမှာ မီးလောင်ဒဏ်ရာ ရခဲ့ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။ စက်ရုံကတော့ လုံးဝ ပျက်စီးသွားပြီး အလုပ်သမားဆောင်တွေလည်း မီးကျွမ်း ပြာကျကုန်ပါတယ်။
မီးစလောင်တုန်းက သူနဲ့ တခြားအလုပ်သမားတွေဟာ ပုံမှန်အတိုင်း အဝတ်အထည်တွေ ချုပ်လုပ်နေပြီး တချို့ကတော့ စက်ရုံ အနောက်ဖက်က အခန်းထဲမှာ မနက်စာစားဖို့ ပြင်ဆင်နေခဲ့ကြောင်း ကိုယ်တွေ့ ကြုံခဲ့သူ အသက် ၂၅ နှစ်အရွယ် မအေးက ပြောပါတယ်။ မီးလောင်နေကြောင်း သိတော့ အားလုံး ယောက်ယက်ခတ်ကုန်တယ်လို့ သူက ဆိုပါတယ်။
သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ရနိုင်သမျှတွေကို သယ်ပြီး အမြန်ဆုံး ထွက်ပြေးခဲ့ကြကြောင်း၊ မီးက စက်ရုံဆီ အရမ်းမြန်မြန် ကူးစက်လာခဲ့ကြောင်း၊ သူတို့အားလုံး မီးဘေးဆိုင်ရာ အရေးပေါ် ထွက်ပေါက်ကနေ လွတ်မြောက်နိုင်ခဲ့ကြကြောင်း မအေးက ဆက်ပြောပါတယ်။
မီးလောင်မှု စဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ရဲတွေကတော့ အကြောင်းကြောင်းကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ထမင်းဟင်းချက်တဲ့ မီးကို သေချာ မငြှိမ်းသတ်တာ၊ ဝါယာရှော့ဖြစ်တာ၊ ဒါမှမဟုတ် တခြားကိစ္စ တစ်ခုခုကြောင့် မီးစလောင်တာမျိုး ဖြစ်နိုင်တယ်လို့ ရဲတွေက ခန့်မှန်းထားပါတယ်။
ကိုးကား – Khaosod


















































