အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။
စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်ခဲ့ရာ ရွှေကူနယ် ဇင်းဘုံနဲ့ ဗန်းမော်မြို့နယ် စင်းခန်းကြားမှာ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာပါ။
“စင်းခန်း တံတားအောက်နား သင်္ဘောမြုပ်တုန်းက ရတဲ့ ၁၂၂ မမ အမြောက်။ ၁၂၂ မမ က တလက် အခြား လက်နက်ကြီးတွေလည်း ပါတယ်။ ကျည်ခဲယမ်းတွေလည်း ပါတယ်။ ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဒီကနေ့ အောက်တိုဘာ ၄ရက်မှာ ပြောပြပါတယ်။

Public Service Announcement
စစ်ရေးသတင်းရင်းမြစ်က ပြသတဲ့ ရုပ်သံမှာ ၁၂၂ မမ လက်နက်ကြီးကို KIA ရဲဘော်တွေက ဧရာ၀တီမြစ်အတွင်းကနေ စက်ယန္တရားနဲ့ ဆွဲယူကာ မော်တော်ယာဉ်ကြီးပေါ်တင်ဆောင်နေတာ တွေ့ရပါတယ်။
သိမ်းရတဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ဟာ အသစ်နီးပါး ရှိသေးတယ်လို့လည်း သူကပြောပါတယ်။ ရန်သူ့ လက်နက်ကိုယ့်လက်နက်အဖြစ် ရရှိခဲ့တာလို့လည်း သူက ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄၊ ၂၀၂၅ တွေအတွင်း ကချင်ပြည်နယ်ရှိ စစ်တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေ ၊ ဗျူဟာစခန်းတွေ တိုက်ခိုက်သိမ်းပိုက်စဉ်ကလည်း အခုလို ၁၂၂ မမ တာဝေးပစ် လက်နက်ကြီးတွေ သိမ်းရခဲ့တာရှိပါတယ်။
KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်တဲ့ စစ်သင်္ဘောတွေနဲ့ ဗန်းမော်က ပြန်စုံဆင်းတဲ့ သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ရာ စက်တင်ဘာ တလအတွင်း စစ်တပ် သင်္ဘော အစီး ၂၀ ခန့် တိုက်ခိုက်ဖျက်ဆီးနစ်မြုပ်နိုင်ခဲ့ကြောင်း KIAက အသိပေးထားပါတယ်။
ဒါ့အပြင် စင်းခန်းတံတားအနီးမှာပဲ စစ်တပ်သင်္ဘော အချို့ကမ်းကပ် အလံဖြူထောင်ခဲ့လို့ အရာရှိတွေ အပါအဝင် စစ်သုံ့ပန်း ၁၅၀ ကျော် ဖမ်းမိခဲ့ရာ အဲဒီအထဲက ၁၁၈ဦးဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်တာတွေက တပ်မိသားစုဝင်တွေနဲ့ အရပ်သား အချို့ဖြစ်တယ်လို့ အသိပေးထားပါတယ်။


















































