အောက်တိုဘာ-၅၊၂၀၂၆၊ခိုင်မြတ်/People’s Spring
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ်ဝင်ပေါက် ကျင်ဒွေးမြို့ဆီ ဦးတည်ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစ်တပ်စစ်ကြောင်းနဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ ကျင်ဒွေးမြို့နယ် မဟာတွီရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး တိုက်ပွဲတပတ်အတွင်း စစ်တပ်ဘက်က ၅၀ ဝန်းကျင်သေဆုံးကာ ဆယ်ချီလက်နက်ချကြတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချင်းပြည်နယ်ဝင်ပေါက်ဆီကားအစီးရ(၂၀၀) ဝန်းကျင်၊ အင်အားအများအပြားနဲ့ ရောက်လာတဲ့ စစ်တပ်ဟာမင်းတပ်၊ကန်ပက်လက်၊ ကျင်ဒွေးမြို့တို့ဆီစစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်နေခဲတာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်ကျော် လောက်ကတည်းကတိုက်ပွဲတွေဆက်တိုက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေထဲကကျင်ဒွေးဘက်ထိုးလာတဲ့စစ်ကြောင်းကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် AA ပူး ပေါင်းအဖွဲ့က မဟာတွီရွာဝန်းကျင်ကနေ ကြားဖြတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

Public Service Announcement
“အရင်တပတ်လောက်ကသုံး၊လေးရက် တိုက်ပွဲ ဖြစ်တယ်။ မဟာတွီနားမှာ စစ်ကြောင်းတခုလုံး ပြုတ်တယ်။ဟိုတရက်ကလည်း နှစ်ဆယ်လောက် ရလိုက်သေးတယ်။ ထပ်တက်လာလို့ ဒီနေ့ထိ တိုက်ပွဲဖြစ်နေတုန်း။ အားလုံး ပေါင်းဆိုရင် စစ်တပ်က ငါးဆယ်လောက်ရှိပြီ။ အလင်းဝင်တာကတော့သုံးဆယ်ဝန်းကျင်ရှိမယ်။ ဘယ်အဆင့်တွေ ပါလဲဆိုတာတော့ မသိသေး”လို့ AA သတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တပ်ဟာ မဟာတွီရွာမှာ အင်အားနှစ်ရာဝန်းကျင်အထိုင်ချကာ စစ်ကြောင်းထိုးနေသလို နောက်တန်းထောက်ပို့ စခန်းဖြစ်တဲ့ လောင်းရှည်မြို့နဲ့ ကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)တို့နေကလည်း အင်အား၊ လက်နက်တွေ ဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။
မဟာတွီရွာဝန်းကျင်ဟာပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ ရက်နေ့ကနေ တိုက်ပွဲပြင်းပြင်းထန်ဖြစ်ခဲ့တာဖြစ်ပြီး ၂၈ ရက် နေ့မှာ စစ်ကြောင်းတခုခုံးပြုတ်သွားကာ အောက်တိုဘာလ ၁ ရက်နေ့မှာ အင်အားထပ်ဖြည့်လာတာကြောင့် ယနေ့ ထိ တိုက်ပွဲဆက်ဖြစ်နေတာလို့ ပြောပါတယ်။
“အင်အားတွေကတော့ အကုန်လုံးကို ဖြန့်ထားတယ်။ ဟောက်ဝစ်ဇာတွေ၊ ဒရုန်းတွေ အများကြီးနဲ့ စခန်းကြီးတွေ အထိုင်ချပြီး ထိုးဖို့လုပ်နေတာပါ။ ဒီဘက်အဖွဲ့တွေကလည်း ဟန့်တားထားပါတယ်။ ဆော၊ ကျောက်ထုဝန်းကျင်၊ ကန်ပက်လက်ဘက် လမ်းပိုင်းတချို့ကိုတော့ စစ်တပ်က ထိန်းထားတယ်”လို့ယောဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
စစ်တပ်ဟာ လောင်းရှည်မြို့အနီးဝန်းကျင်ရှိ အင်းဘူး၊ နတ်ကောင်ကျင်း၊ မဟာတွီဝန်းကျင်တို့မှာ အထိုင်ချထားပြီး ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ကာ AA ပူးပေါင်းအဖွဲ့တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေ တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ မကွေးတိုင်းအစပ် ချင်းပြည်နယ်ကနေတဆင့် AA ထိန်းချုပ်ထားရာ ရခိုင်ပြည်နယ်ဘက်ဆီ ဝင်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးစားနေတာဖြစ်ပြီး လက်တွေ့မှာတော့ အောင်မြင်တဲ့အနေအထားမတွေ့ရဘူးလို့ စစ်ရေး လေ့လာသူတွေက ပြောကြပါတယ်။
“ကျင်ဒွေးကိုသာပြန်ပေးလိုက်ရရင်တော့ ရခိုင်နဲ့ နီးသွားမှာပေါ့။စစ်တပ်ကလည်း အဲဒီရည်ရွယ်ချက်နဲ့ ထိုးလာတာလို့မြင်တယ်။ ဒါပေမယ့် AA ကလည်း ချင်းပြည်နယ်ဘက်မှာ စစ်ဒေသအသစ်တခုဖွဲ့ပြီးတော့ သေချာပြင်ဆင်ထားတာတွေ့ရတယ်။ ပြောရရင်တော့ စစ်တပ်ဟာ ချင်းပြည်နယ်ထဲကိုရော ရခိုင်ဘက်ကိုပါ ပြန်ထိုးဖောက်ဖို့ ဆိုတာက တော်တော်ခဲယဉ်းသွားပြီ” လို့ AA နဲ့ နီးစပ်တဲ့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မကွေးတိုင်းအစပ် ချင်းပြည်နယ်ဝင်ပေါက် ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်စစ်မျက် နှာတို့ကနေ ထိုးဖောက်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်အစပ် မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်တို့ကလည်း AA ထိန်းချုပ်ရာဒေသတွေဆီ ထိုးဖောက်ဖို့ ကြိုးစားနေပြီး ရခိုင် ပြည်တွင်း စစ်တွေ၊ ကျောက်ဖြူတို့မှာလည်း ထိုးစစ်ဆင်နေတာတွေ့ရပါတယ်။
ဒါပေမယ့်မြေပြင်တိုက်ပွဲတွေမှာတော့ စစ်တပ်က အထိနာပြီးတပ်စခန်းတွေသာ လက်လွှတ်နေရကာ စစ်တပ်ရဲ့ ရခိုင်းထိုးစစ် ၄၉၂၆ စစ်ဆင်ရေးတလတာအတွင်း စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကိုလက်လွှတ်ခဲ့ရပြီဖြစ်ပါ တယ်။
အဲဒီလို တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ ရခိုင်၊ ချင်းပြည်နယ်အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာတွေအ တွင်းက အရပ်သားလူနေကျေးရွာ၊ စာသင်ကျောင်း၊ စစ်ရှောင်စခန်း၊ စျေးတို့ကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက် တိုက်လုပ်နေပြီး အရပ်သား သေဆုံး၊ ထိခိုက်သူ ရာချီရှိပြီဖြစ်ပါတယ်။



















































