အောက်တိုဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က အထိနာခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) တပ်မှူးတစ်ဦးက အသိပေးထားပါတယ်။
CPU/CPA ထိန်းချုပ်ထားတဲ့ ကျင်ဒွေးမြို့ ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို စက်တင်ဘာလကုန်ပိုင်းက ကျင်ဒွေးမြို့အနီး မဆွာတီကျေးရွာမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးတာ၊ အဖမ်းခံရတာ ရှိခဲ့ကြောင်း ဖော်ပြတဲ့ သတင်းကို CPU/CPA တပ်မှူးတဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။
ကျင်ဒွေးတိုက်ပွဲ ထိခိုက်သေဆုံးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အရှမ်းဖမ်းဆီးရရှိမှု အခြေအနေ အသေးစိတ်ကို မေးမြန်းရာ တပ်ပိုင်းဆိုင်ရာဘက်က ပြောဆိုဖို့ ခွင့်ပြုချက် မရှိဘူးလို့အဆိုပါ တပ်မှူးက ရှင်းပြပါတယ်။

Public Service Announcement
စစ်တပ်ထိုးစစ်ဆင်လာမှုနဲ့ ကျင်ဒွေးတိုက်ပွဲ အခြေအနေတွေ မေးမြန်းဖို့ CPU/CPA ပြောဆိုဆိုခွင့်ရှိသူနဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ဆက်သွယ်ထားပေမဲ့ အဆက်အသွယ်မရသေးပါဘူး။
CPU/CPA အနေနဲ့ စစ်ရေးဆိုင်ရာ သတင်းတွေ အခါအားလျော်စွာ ထုတ်ပြန်အသိပေးတာမျိုးရှိပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အချိန်နဲ့တပြေးညီ သတင်းဖြေကြားတာမျိုးပြုလုပ်လေ့မရှိပါဘူး။
ချင်းတောင်ပိုင်း ဒေသခံ တစ်ဦးတော့ တိုက်ပွဲ သတင်း အသေးစိတ် အခြေအနေတွေ မသိရပေမဲ့ ကျင်ဒွေးမြို့ မဆွာတွီးတိုက်ပွဲမှာ စစ်တပ်က ရုပ်အလောင်း ၃၀၊စစ်သုံံ့ပန်း ၂၀နဲ့ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ချင်းလူမျိုးထင်ရှားသူအချို့က လူမှုကွန်ရက်မှာ ရေးသားထားတာ တွေ့ရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မဆွာတွီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ချိန် စက်တင်ဘာ နောက်ဆုံးပတ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံအချို့လည်း ချင်းသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်မှာ ဖော်ပြတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းတောင်ပိုင်းဒေသတွေပြန်ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ မေလမှာ စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်ထိုးစစ်ကို CPU/CPA အပြင် မဟာမိတ်တွေဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ ယောဒေသ တော်လှန်ရေးတပ် အချို့နဲ့ ပူးပေါင်း ခုခံနေတာလို့ AAနဲ့ ချင်းတပ်ဖွဲ့က အသိပေးထားပါတယ်။
AAနဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်တွေ၊ အခြားမဟာမိတ်တပ်တွေ ပူးပေါင်းပြီး ချင်းတောင်ပိုင်း မြို့တွေဖြစ်တဲ့ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တွေကို ၂၀၂၄ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
စစ်တပ်ထိုးစစ်အစ မေလလယ်မှာ ကန်ပက်လက်မြို့ကို စတင်ထိုးစစ်ဆင်ကာ မေလကုန်ပိုင်းမှာ မင်းတပ်ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ချင်းပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ထိခိုက်သေဆုံးများခဲ့ပြီး လတ်တလော မင်းတပ်နဲ့ ကန်ပက်လက်မြို့ ထိုးစစ်တွေရပ်တန့်နေတာဖြစ်ပါတယ်။ တိုက်ပွဲ လေးလကျော်ကြာတဲ့အထိ ချင်းတောင်ပိုင်းက မြို့တွေကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ အခြေအနေမှာ အာဏာသိမ်းစစ်တပ်ဟာ စစ်အင်အားတွေ ထပ်မံ ဖြည့်တင်းပြီး ကျင်တွေဘက်ကို ထိုးစစ်ဆင် စစ်မျက်နှာအသစ် ထပ်တိုးချဲ့ခဲ့တာလည်းဖစြ်ပါတယ်။
ချင်းတောင်ပိုင်းမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ အင်အား ၁၀၀၀ ကျော် သုံးပြီး ယောဒေသ လောင်းရှည်၊ ကျင်ဒွေးနဲ့ ပလက်၀ ဘက်ကို ဦးတည် ကာ အပြင်းအထန် ထိုးစစ်ဆင်နေတာဟာ ချင်းတောင်ပိုင်းကို ခြေကုပ်ယူကာ ရက္ခိုင်ပြည်နယ်အတွင်း ထိုးစစ်ပြန်ဆင်နိုင်ဖို့ ဖြစ်ကြောင်း ချင်းလူမျိုးအချို့က သုံးသပ်ရေးသားထားပါတယ်။
CPU/CPAက တော့ စစ်တပ်ထိုးစစ်စတင်ချိန်ကတည်းက ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေ ကာလရှည်ကြာမြင့်နိုင်ဟု အသိပေးထားပြီး ထိန်းချုပ်ထားပြီးနယ်မြေတွေ လက်မလွှတ်ရရေး အစွမ်းကုန်ကြိုးစားမယ်လို့ အသိပေးထားပါတယ်။



















































