အောက်တိုဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
မနေ့က အောက်တိုဘာ ၅ ရက် ည ၇ နာရီ မိနစ် ၄ဝခန့်က မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးဟာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ရှောင်တဲတွေပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအတွင်း ရှိနေကြတဲ့ သားအဖ ၂ဦးနဲ့ အနီးအနားတဲက အမျိုးသမီး၁ ဦး၊ စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါ့အပြင် ဒဏ်ရာရသူတွေထဲက အမျိုးသမီးကတော့ ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

Public Service Announcement
“ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆီးအိမ်ကို ထိခိုက်တဲ့သဘောရှိတယ်။ ပြင်းထန်တယ်လို့ ပြောရလိမ့်မယ်။ အသက်အန္တရာယ် စိုးရိမ်ရလိမ့်မယ်”လို့ ဆရာထွေးက ဆိုပါတယ်။
စစ်တပ်ဟာ စစ်ဘေးရှောင်စခန်းကိုပါ လေကြောင်းတိုက်ခိုက်လာတာကြောင့် အဆိုပါ စစ်ရှောင်စခန်းက ပြည်သူတွေဟာ ထပ်မံရွေ့ပြောင်းနေထိုင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မြိုင်မြို့နယ်မှာ မနေ့က မနက် ၉ နာရီကနေ ည ၇ နာရီ ၄၃ မိနစ်အထိ လေယာဉ်အမျိုးအစားစုံနဲ့ တစ်နေကုန် လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တာဖြစ်ပြီး၊ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် ပြုလုပ်လာနေကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးထားပါတယ်။



















































