ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်း တချို့မှာ ဆိုးရွားတဲ့ ရေကြီးမှုတွေကြောင့် ထုတ်ကုန်ကဏ္ဍမှာ သိသိသာသာ ထိခိုက်မှုတွေ ရှိခဲ့တဲ့အတွက် ပြည်တွင်း ဖူလုံရေးကို ဦးစားပေးဖို့ ကြက်ဥ တင်ပို့မှု လျှော့ချရေး အာဏာပိုင်တွေက ဆွေးနွေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်ပ တင်ပို့မှု ပမာဏကို ဒီဇင်ဘာလထိ အတောအတွင်း ၃၀ ကနေ ၅၀ ရာခိုင်နှုန်း လျှော့ချထားဖို့ ကုမ္ပဏီတွေနဲ့ စကားပြောနေကြောင်း ထိုင်းစီးပွားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက ဆိုပါတယ်။
ဘန်ကောက်နဲ့ ၂ နာရီလောက် ကားမောင်းသွားရင် ရောက်နိုင်တဲ့ ချာချောင်ဆုမ် ဒေသမှာ ရေကြီးမှုတွေအတွင်း ဥစားကြက် မွေးမြူရေးခြံတွေ အကြီးအကျယ် ထိခိုက်ခဲ့သလို ကြက်မ အကောင်ရေ ၃ သန်းလောက် သေဆုံးခဲ့ကြောင်း ပြည်တွင်း ကုန်သွယ်ရေးဌာန လက်ထောက် ဒါရိုက်တာ ဂျီရာဝတ်စ် ဆူဝမ်နာအာဂျ်က ပြောပါတယ်။
သူ့ရဲ့ ဌာနဟာ ရေကြီးမှုဒဏ် မခံခဲ့ရတဲ့ ဒေသတွေက ထုတ်လုပ်တဲ့ ကြက်ဥတွေကို ပြည်တွင်းမှာ ထိထိရောက်ရောက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်တဲ့ ဆန်းစစ်မှုတွေ စတင်နေပြီလို့လည်း ဂျီရာဝတ်စ်က ဆိုပါတယ်။

Public Service Announcement
ထိုင်းအာဏာပိုင်တွေဟာ လက်ရှိ အရွယ်ရောက်ပြီး ဥစားကြက်မတွေရဲ့ ဥဥတဲ့ အသက်အရွယ်ကို ပိုပြီး ဆွဲဆန့်နိုင်ခြေနဲ့ ပတ်သက်လို့လည်း မွေးမြူရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ကစလို့ မြို့တော် ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံ အနှံ့အပြားက ရေကြီးမှုတွေကြောင့် ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက ဘန်ကောက်မှာ သုံးရက်ဆက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေတွေပါ ထုတ်ပြန် ကြေညာခဲ့ရပါတယ်။
ကိုးကား: Reuters



















































