အောက်တိုဘာ ၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
မိုးမိတ်-မိုးကုတ်လမ်းပေါ်က (၇)မိုင်အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
မိုးမိတ်မြို့ မြစ်ဆုံကနေကျော်ရင် ရောက်ရှိတဲ့ (၇)မိုင်အနီးမှာ ဒီကနေ့အောက်တိုဘာ ၇ရက် မနက်စောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတာပါ။
” မြို့နားမှာ ပစ်ခတ်သံတွေမကြားရတော့ဘဲ ၇မိုင်ဘက်ကို ရောက်သွားပြီ။ လက်နက်ကြီးပစ်ခတ်သံတွေကိုတော့ မြို့ထဲကနေကြားနေရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းမှာပါဝင်တဲ့ မိုးကုတ်မြို့ဟာ မိုင် ၃၀နီးပါး ကွာဝေးပြီး နယ်မြေချင်းဆက်စပ်နေပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ် ဗုံးကြဲလေယာဉ်ပျံနေသလို လက်နက်ကြီးလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
မိုးမိတ်မြို့၊ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းကစပြီး စစ်တပ် နဲ့ KIA ပူးပေါင်းတပ် တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။အောက်တိုဘာ ၁ရက်မှာတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အား ၁၀၀၀ ကျော်ကို လေကြောင်းလုံခြုံရေးအကူအညီနဲ့ မန္တလေး – မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် – မိုးမိတ်လမ်းအတိုင်း ပို့ဆောင်ခဲ့ပါတယ်။ ပို့လိုက်တဲ့ စစ်အင်အားတွေကို မြို့အနှံ့ နေရာချထားတယ်လို့ သိရပါတယ်။
ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်အထိနာတဲ့ စက်တင်ဘာ၂၈ရက်၊ ၂၉ရက်၊အောက်တိုဘာ ၁ရက်နဲ့ အောက်တိုဘာ ၂ရက်တွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့အနီး၊ ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်တပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
လတ်တလော ဒေသတွင်း စစ်ရေးအခြေအနေကြောင့် မိုးမိတ်မြို့နဲ့ ဆက်စပ်နေတဲ့ ရွှေကူ-ငါးအိုးလမ်းမကြီးကိုလည်း အသုံးမပြုဘဲ သတ်မှတ်ထားတဲ့လမ်းကနေသာ ပြည်သူတွေသွားလာကြဖို့ KIAကအောက်တိုဘာ ၅ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။



















































