အောက်တိုဘာ-၉၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းရွာအနီးမှာ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။
ဆင်တဲကုန်းရွာအနီးမှာအောက်တိုဘာလ ၉ရက် ၊မနက် ၄နာရီခန့်ကတည်းက တိုက်ပွဲဖြစ်နေပြီး စစ်တပ်ကဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေကပြောပါတယ်။
“ဆင်တဲကုန်းရွာရဲ့တောလမ်းတွေမှာ ချနေတာ။ တိုက်ပွဲတွေက မြို့ရဲ့ တောင်ဘက်ကိုရောက်လိုက်၊ အရှေ့ဘက်ကိုရောက်လိုက်နဲ့ နေ့တိုင်းချနေတာ။ ဒီနေ့တော့ လေယာဉ်လာကြဲတယ်ဆိုတော့ ပိုပြင်းထန်တာပါ”လို့ မိုးမိတ်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement
တိုက်ပွဲအတွင်း ဒေသခံတွေဟာအချိန်မီ တိမ်းရှောင်ချိန်မရဘဲ ရွာထဲမှာ ပိတ်မိနေတယ်လို့လည်းသိရပါတယ်။
” တိုက်ပွဲက အတတ်နိုင်ဆုံးရှောင်လို့ရတယ်။ လေယာဉ်ဗုံးကြဲရင်တော့မလွယ်ဘူး။တရွာလုံးနီးနီးပိတ်မိသွားတာ”လို့ မိုးမိတ် မြို့ခံကပြောပါတယ်။
မိုးမိတ်မြို့၊ညောင်နီရွာအနီးမှာ စက်တင်ဘာလ၂၈ ရက်မနက်ပိုင်းကစပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။အောက်တိုလာလ ၁ရက်နေ့မှာတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ စစ်အင်အား ၁၀၀၀ ကျော်ကို လေကြောင်းလုံခြုံရေးအကူအညီနဲ့ မန္တလေး – မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် – မိုးမိတ်လမ်းအတိုင်းစစ်ကားတွေနဲ့ စစ်ကူပို့ဆောင်ခဲ့ပါတယ်။ ပို့လိုက်တဲ့ စစ်သားတွေမှာ ပြည်သူ့စစ်(ပစ)သင်တန်းဆင်းစစ်သားသစ်ဖြစ်ပြီးမြို့အနှံ့ နေရာချထားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်အထိနာတဲ့ စက်တင်ဘာ၂၈ရက်၊ စက်တင်ဘာ ၂၉ရက်၊အောက်တိုလာလ ၁ရက်နဲ့ အောက်တိုဘာလ ၂ရက်နေ့တွေမှာ စစ်ကောင်စီကလေ ကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက်ပိုင်း နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုမရှိခဲ့ဘဲ ဒီနေ့မှာတော့ စစ်တပ်ကလေကြောင်းပစ်ကူထပ်ပေးတိုက်ခိုက်နေတာပါ။
မိုးမိတ်- မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကတဆင့် သတိပေးထားပါတယ်။ရှမ်းပြည်နယ် မြောက်ပိုင်းမှာပါဝင်တဲ့ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းထဲမှာပါဝင်တဲ့ မိုးကုတ်မြို့၊ သပိတ်ကျင်းမြို့ တွေဟာ နယ်မြေချင်းဆက်စပ်နေပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်မှာ စစ်တပ်က ဗုံးကြဲလေယာဉ်ပျံနေသလို လက်နက်ကြီးလည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ တော်လှန်ရေးရဲဘော် တွေက သတိပေးပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)နဲ့မဟာမိတ်တွေက သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ဆီ ၂၀၂၅ အောက်တိုဘာမှာမိုးကုတ်မြို့နဲ့အတူ ပြန်ပေးခဲ့တာပါ။ဒါပေမယ့် PDF ၊ပကဖ နဲ့ တော်လှန်ရေးတပ်တွေက မြို့အပြင်ဘက်စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုခုခံတိုက်ခိုက်ခဲ့ကြပါတယ် ။စစ်တပ်က မြို့ပေါ်ကို တပ်စွဲပြီး စိုးမိုးထားပေမယ့် မြို့ပြင် ကျေးရွာတွေမှာ တော်လှန်ရေးတပ်တွေက စစ်ရေးဆက်လက်လှုပ်ရှားနေတာဖြစ်ပါတယ်။စက်တင်ဘာလကုန်ပိုင်းမှာတော့ မြို့အနီးက စစ်တပ်စခန်းအချို့ကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရင်း တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။



















































