အောက်တိုဘာ-၉ ၊၂၀၂၆။နေ့သစ်/People’s Spring
ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး Bright Future (တောက်ပသောအနာဂတ်)အဖွဲ့အစည်းက ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံသွားရောက်တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်မှာ Bright Futureအဖွဲ့က ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းအောက် လွှတ်တော် အလုပ်သမားရေးရာကော်မတီထံ သွားရောက်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
” ကျနော်တို့ ဒီလိုတောင်းဆိုတာ အကြိမ်ကြိမ်ရှိပြီ။ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ အဲဒါကြောင့် ဒီ CI တွေထုတ်ပေးနေတဲ့အပေါ် ထိုင်းအစိုးရက အကြိမ်ကြိမ်ရွှေ့ဆိုင်းလာတာ။ ဒီတစ်ကြိမ်တောင်းဆိုတာလည်း အောင်မြင်မှုရမယ်လို့ မျှော်လင့်တယ်”လို့ Bright Future အဖွဲ့က ဆူရတ်ဂ်ျ ဂီရီက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
CIစင်တာတွေ ဖျက်သိမ်းရေးအပြင်ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေကိုလည်းဖမ်းဆီးအရေးယူပေးဖို့ တပါတည်းတောင်းဆိုထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
Bright Futureအဖွဲ့ နဲ့ဆူရတ်ဂ်ျဂီရီဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအရေးစဥ်ဆက်မပြတ် တောင်းဆိုဆန္ဒပြနေသူတစ်ဦးဖြစ်ပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်မြို့သွားရောက်ချိန်တိုင်းကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။
လက်တလောမှာ ထိုင်းအစိုးရနဲ့ စစ်ကောင်စီတို့ သဘောတူညီနဲ့ချက်နဲ့ လာမယ့် အောက်တိုဘာ ၁၅ရက်နေ့မှာ CI စခန်းတွေ ဖွင့်လှစ်တော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အခု CI စာအုပ် လုပ်ရမယ့် အလုပ်သမားတွေဟာလူအဟောင်းတွေမဟုတ်ဘဲဘတ်အသစ်ပြုလုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာလုပ်သားဦးရေ ၄သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။
CI စာအုပ်ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး အခုတခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တပါတည်းပေးဆောင်ရမှာလို့ ဦးဝေလင်းမောင်က ပြောပါတယ်။
“CI စာအုပ်ဖိုးက ဘတ် ၅၀၀၀ လမ်းစရိတ်ရောဆို ဘတ် ၇၀၀၀ လောက်ကုန်ကြမှာ။ ဗီဇာကြေးက ဘတ် ၄၀၀၀ လောက်ကုန်မယ်။ ဒီတခါက အတော်လေး အကုန်အကျများမှာ။ နောက်ပြီး စစ်ကောင်စီက ဝင်ငွေခွန်တွေပါ တခါတည်းတောင်းမယ် ထင်တယ်”လို့ ဦးဝေလင်းမောင်က ပြောပါတယ်။
CI စာအုပ်ထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်ပေးနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။
“မြန်မာလုပ်သားတွေအနေနဲ့ CI မလုပ်လည်း ဘာမှမဖြစ်ဘူး။မလုပ်ကြဖို့ တိုက်တွန်းချင်တယ်။CI မလုပ်လို့ ဘယ်နေရာမှာ ပြဿနာဖြစ်နိုင်လဲဆိုတော့ ဒီတခါ သက်တမ်းတွေကုန်တဲ့အခါ ထိုင်းအစိုးရက တခါစာအုပ်လုပ်ပေးတဲ့အချိန်မျာပဲ ပြဿနာရှိတာ။ဒါကလည်း နှစ်တိုင်း လုပ်ပေးနေတာပဲ။တကယ်က CI မလုပ်လည်း ထိုင်းအစိုးရနဲ့ ဘာမှမဆိုင်ဘူး။ ပြဿနာ အဲလောက်မကြီဘူး”လို့ ဦးဝေလင်းမောင်က ပြောပါတယ်။



















































