Dementia လို့ ခေါ်တဲ့ မှတ်ဥာဏ် ချိုု့ယွင်းမှုရောဂါဟာ လေထုညစ်ညမ်းမှုနဲ့ ဘယ်လိုဆက်စပ်မှုရှိပါသလဲ။ အသက်ကြီးလာရင် ဒီရောဂါမခံစားရအောင် ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ဘာတွေကို သတိထားလို့၊ ဘယ်လိုလျှော့ချနိုင်ပါသလဲ။
‣ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဆိုတာဘာလဲ
အသက်ကြီးလာရင် မှတ်ဉာဏ်ကျဆင်းတာ၊ စဉ်းစားနိုင်စွမ်း လျော့လာတာတွေ ဖြစ်လာတာ ပုံမှန်ပါပဲလို့ လူတော်တော်များများက တွေးတတ်ကြပါတယ်။ ဒါပေမဲ့ သုတေသန တွေ့ရှိချက်တွေကတော့ Dementia လို့ခေါ်တဲ့ မှတ်ဉာဏ်နဲ့ စဉ်းစားနိုင်စွမ်း ထိခိုက်တဲ့အခြေအနေ၊ တစ်နည်းအားဖြင့် မှတ်ဉာဏ် ချွတ်ယွင်းမှု ရောဂါဟာ အသက်ကြီးမှ ဖြစ်လာတဲ့ ခန္ဓာဗေဒ ဖောက်ပြန်မှု တစ်ခု မဟုတ်ဘူးလို့ ညွှန်ပြထားကြပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှုတွေကို ပီပီပြင်ပြင် မမြင်ရခင် နှစ်ပေါင်းအတော်ကြာ ကတည်းက လက္ခဏာတွေ စတင်ပြသလာတာမျိုး ရှိကြပါတယ်။
ဒီအတွက် အရေးကြီးတာက အသက်ကြီးမှ ကျန်းမာရေးကို အာရုံစိုက်တာမျိုးထက် လူလတ်ပိုင်းအရွယ်ကတည်းက အန္တရာယ်ဖြစ်စေနိုင်တဲ့ အချက်တွေကို သတိထား စောင့်ကြည့်ဖို့၊ ကာကွယ်ဟန့်တားဖို့ ဖြစ်ပါတယ်။

Public Service Announcement
နယူးယောက် တက္ကသိုလ်ရဲ့ ပညာရှင်တွေက အရွယ်ရောက်ပြီးသူ ၁၂၄၀၀ ကျော်ရဲ့ ကျန်းမာရေး မှတ်တမ်းတွေအပေါ် အခြေခံ လေ့လာထားတဲ့ သုတေသန စစ်တမ်းတစ်ခုမှာတော့ လူလတ်ပိုင်းအရွယ်ကတည်းက သွေးတိုးရောဂါ မရှိခြင်း၊ အမျိုးအစား ၂ (Type 2) ဆီးချိုရောဂါ မရှိခြင်းနဲ့ ဆေးလိပ်မသောက်ခြင်း ဆိုတဲ့ အခြေအနေ သုံးရပ်ကို ထိန်းသိမ်းထားနိုင်သူတွေဟာ အဲဒီအချက်တွေနဲ့ မပြည့်စုံသူတွေနဲ့ယှဉ်ရင် dementia ဖြစ်နိုင်ခြေကို ပျမ်းမျှ ၁၃ နှစ်လောက် နှောင့်နှေးအောင် ထိန်းထားစေနိုင်တယ်လို့ ညွှန်ပြနေပါတယ်။
လေ့လာမှုမှာ ပါဝင်သူတွေဟာ ပျမ်းမျှအသက် ၅၆ နှစ်ဝန်းကျင်မှာ သွေးတိုးနဲ့ ဆီးချို ရောဂါတွေ ရှိမရှိ၊ ဆေးလိပ်သောက်မသောက် ဆိုတာတွေကို စစ်ဆေးခံရပါတယ်။ ရောဂါတွေလည်းရှိ၊ ဆေးလိပ်လည်း စွဲသောက်နေတဲ့ သူတွေကတော့ dementia ဖြစ်နိုင်ခြေ ပိုများသလို တခြားကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် အသက်တိုတိုနဲ့ သေဆုံးနိုင်ခြေလည်း ပိုများပါတယ်။
ဒါပေမဲ့ အဲဒီအခြေအနေတွေ မရှိရုံနဲ့တင် dementia ဖြစ်နိုင်ခြေကို ၁၃ နှစ်ထိ ရွှေ့ဆိုင်းပစ်နိုင်တယ်ဆိုတဲ့ လှေနံဓားထစ် ယူဆမှုမျိုးတော့ မလုပ်သင့်ပါဘူး။ သုတေသနပြုထားတယ် ဆိုတာက တိုက်ရိုက် သက်သေပြတာ မဟုတ်ဘဲ ကျိုးကြောင်း ဆက်စပ်ပြခြင်းသာ ဖြစ်ပါတယ်။ သုတေသနစတင်ချိန်မှာ ကျန်းမာရေးအချက်တွေကို စစ်ဆေးမှတ်သားပြီး နောက်ပိုင်း နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့တာဖြစ်လို့ အဲဒီကာလအတွင်း လူတစ်ယောက်ချင်းစီရဲ့ ကိုယ်အလေးချိန်၊ အစားအသောက်၊ ဆေးလိပ်သောက်မှု၊ သွေးပေါင်ချိန်နဲ့ တခြားညွှန်ကိန်းတွေလည်း အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။
‣ သွေးတိုး၊ ဆီးချိုနဲ့ ဦးနှောက်ကျန်းမာရေး
ဦးနှောက်အတွက် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးဖို့အတွက် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ် ကောင်းမွန်နေဖို့ အရမ်းအရေးကြီးပါတယ်။ သွေးတိုးရောဂါ စွဲကပ်မှု နှစ်ရှည်လများ ကြာမြင့်လာမယ်ဆိုရင် သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ဆီ သွေးပေးပို့တဲ့ စနစ်တွေမှာပါ ထိခိုက်မှုတွေ ဖြစ်လာစေပါတယ်။ အလားတူပဲ ဆီးချိုရောဂါကြောင့် ဖြစ်ပွားတဲ့ သွေးတွင်းသကြားဓာတ် မြင့်နေမှုက သွေးကြောနဲ့ အာရုံကြောစနစ်ကို ရေရှည် ထိခိုက်မှုတွေ ကြုံတွေ့စေပြန်ပါတယ်။
ဒီတော့ ကျန်းမာရေး စစ်ဆေးမှု (medical checkup)တွေ လုပ်တဲ့အခါ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော ညွှန်ကိန်းတွေကို နှလုံးကျန်းမာရေးနဲ့ပဲ သီးသန့်သက်ဆိုင်တဲ့ ကိန်းဂဏန်းတွေလို့ မတွေးဘဲ ဦးနှောက်ကျန်းမာရေးအတွက်ပါ သိပ်အရေးကြီးတယ်လို့ ရှုမြင်သင့်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ ၂၀၂၆ ခုနှစ်အတွက် အသစ်ပြင်ဆင်ထားတဲ့ dementia ကာကွယ်ရေး လမ်းညွှန်ချက်တွေမှာ အဲဒီ သဘောတရားတွေကို တိတိကျကျ ဖော်ပြထားပါတယ်။ သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထရော ပမာဏကို လျှော့ချတာ၊ နှလုံးနဲ့ သွေးလည်ပတ်မှု ကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းထားတာတွေက dementia ဖြစ်နိုင်ခြေကို လျှော့ချဖို့ အကူအညီ ပေးနိုင်ကြောင်း အကြံပြုထားပါတယ်။
WHO က ထောက်ပြထားတဲ့ နောက်ထပ် တစ်ချက်ကတော့ နားလေးလာတာကို မပေါ့ဆဖို့ပါ။ အကြားအာရုံ ကျဆင်းလာတဲ့အခါ အသက်ကြီးလို့ နားလေးလာတာပဲဆိုပြီး အများစုက သမန်ကာလျှံကာပဲ သဘောထားကြပါတယ်။ နားကြားကိရိယာ (hearing aid)တွေကို စနစ်တကျ အသုံးပြုခြင်းကလည်း dementia ဖြစ်နိုင်ခြေကို လျှော့ချပေးဖို့ ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ ဆိုပါတယ်။
‣ အစားအသောက်ကလည်း အရေးကြီး
သွေးတိုးနဲ့ ဆီးချိုမှာ တူညီတဲ့ အန္တရာယ်အချက်တွေ အများကြီးရှိပါတယ်။ ပြီးတော့ မှားယွင်းတဲ့ လူနေမှု ပုံစံတွေ၊ အတိအကျ ပြောရရင်တော့ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အာဟာရ အချိုးအစား ဟန်ချက်ညီအောင် မစားတာ၊ ကိုယ်အလေးချိန် များလွန်းတာ၊ ဆေးလိပ်သောက်တာတွေက အဲဒီရောဂါတွေရဲ့ ဒုက္ခပေးနိုင်စွမ်းကို ဆတက်ထမ်းပိုး တိုးစေပြန်ပါတယ်။
ဦးနှောက် ကျန်းမာရေးအတွက် ဓာတ်စာတွေကို လိုက်ရှာနေတယ် ဆိုတာထက် စားသောက်မှု ပုံစံတစ်ခုလုံးကို ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြောင်းလဲပစ်ဖို့က ပိုပြီး လက်တွေ့ကျတဲ့ အဖြေဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေကို ပိုစားပြီး အဆီများတဲ့အစားအစာ၊ ဆားနဲ့ သကြားအလွန်အကျွံစားသုံးမှုကို လျှော့ချခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိဖို့နဲ့ နှလုံးသွေးကြော ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
‣ ဆေးလိပ် အန္တရာယ်
ဆေးလိပ်သောက်ခြင်းက နှလုံးနဲ့ အဆုတ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ သွေးလှည့်ပတ်မှု စနစ်ကိုပါ သက်ရောက် ထိခိုက်စေတဲ့အတွက် dementia အန္တရာယ်နဲ့ပါ ဆက်စပ်နေပါတယ်။
WHO ရဲ့ ၂၀၂၆ လမ်းညွှန်ချက်မှာလည်း ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနဲ့ သင့်တော်စွာ စားသောက်ခြင်း၊ အရက်လျှော့သောက်ခြင်းတွေက dementia ဖြစ်နိုင်ခြေကို လျှော့ချဖို့ အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။
‣ လေသန့်ရှင်းမှုလည်း အရေးကြီး
၂၀၂၆ ခုနှစ် WHOရဲ့ dementia ဖြစ်နိုင်ခြေ လျှော့ချရေး လမ်းညွှန်ချက်တွေမှာ လူပြောသိပ်မများတဲ့ အချက်တစ်ခုကို ထပ်ထည့်ထားပါတယ်။ အဲဒါကတော့ လေထုညစ်ညမ်းမှု ပြဿနာအကြောင်းပါပဲ။
လေထုထဲက အရမ်းသေးငယ်တဲ့ ညစ်ညမ်း အမှုန်အမွှားငယ်တွေဟာ ခန္ဓာကိုယ် အတွင်းပိုင်း ရောင်ရမ်းမှုနဲ့ သွေးကြောဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပြီး ဦးနှောက်ကျန်းမာရေးကိုလည်း သက်ရောက်နိုင်တယ်ဆိုတဲ့ သုတေသန အထောက်အထားတွေ တိုးလာနေပါတယ်။ ဒါကြောင့်လည်း WHOဟာ လေထုညစ်ညမ်းမှုနဲ့ dementia ဖြစ်နိုင်ခြေ ဆက်စပ်မှုကို ၂၀၂၆ မှာ ပထမဆုံးအကြိမ် တရားဝင် ဆက်စပ် ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။
ဒီပြဿနာမျိုးကို လေထုညစ်ညမ်းမှု ပြဿနာနဲ့ ရေရှည်ထိတွေ့ ရုန်းကန်နေရတဲ့ မြို့ပြလူနေမှု စနစ်မှာ ပိုပြီး ကြုံရနိုင်ခြေ ရှိပါတယ်။ လေထု အရည်အသွေးကို ဆန်းစစ်တာ၊ လေထု ညစ်ညမ်းလွန်းနေတဲ့ အချိန်တွေမှာ အတတ်နိုင်ဆုံး အိမ်ထဲမှာနေတာမျိုးတွေကို လုပ်သင့်တယ်လို့ WHO က ပြောပါတယ်။
‣ အားဆေးတွေနဲ့ ဦးနှောက်ကျန်းမာရေး
အသက်ကြီးလာရင် မှတ်ဉာဏ်ယုတ်လျော့မှုကို ဟန့်တားဖို့ အားဆေးတွေ၊ ဗီတာမင်တွေ သောက်နေသူတွေလည်း အများအပြား ရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဝိဝါဒ ကွဲပြားတာတွေ ရှိနိုင်ပါတယ်။
ဗီတာမင်ဘီနဲ့ ဗီတာမင်အီး၊ အိုမီဂါသရီး အဆီ၊ ဗီတာမင် အစုံပါတဲ့ အားဆေးတွေဟာ dementia ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ စွဲစွဲမြဲမြဲ သောက်သုံးသင့်ပါတယ် ဆိုတာမျိုး WHOက အကြံပြုမထားပါဘူး။ ဒါဆိုရင် ဗီတာမင် ဆေးဝါးတွေ သောက်ဖို့ မလိုတော့ဘူး ဆိုတာမျိုးလည်း မဆိုလိုပါဘူး။ အာဟာရနဲ့ ဗီတာမင် ချို့တဲ့မှု ပြဿနာ ရှိနေသူတွေက အားဆေးတွေ သောက်ဖို့ လိုပါတယ်။ သက်ဆိုင်ရာ ဆရာဝန်တွေ၊ ဆေးသိပ္ပံ ပညာရှင်တွေနဲ့ သေချာညှိနှိုင်း တိုင်ပင်ပြီးမှ လိုအပ်တဲ့ ဆေးဝါးတွေကို သောက်တာကတော့ အကောင်းဆုံးပါပဲ။
‣ ဦးနှောက်အတွက် လေ့ကျင့်ခန်းတွေ
ခန္ဓာကိုယ် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်သလို ဦးနှောက်ကိုလည်း အသုံးပြုနေဖို့လိုပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်ကို လေ့ကျင့်ပေးနေရပါမယ်။ စာဖတ်တာ၊ ဘာသာစကား အသစ်တစ်ခု သင်ယူတာ၊ တူရိယာ တစ်မျိုးမျိုး တီးတတ်အောင် သင်ယူတာ၊ ပြဿနာ (puzzle) ဖြေရှင်းရတဲ့ ဂိမ်းတွေ ကစားတာမျိုးဟာ ဦးနှောက်ရဲ့ အစွမ်းကို အသုံးပြုရတဲ့ လှုပ်ရှားဆောင်ရွက်မှု (cognitive stimulation) စေ့ဆော်နိုင်စွမ်းမျိုး ထွက်ပေါ်လာစေပါတယ်။
ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေ၊ လူမှုရေး လှုပ်ရှားမှုတွေမှာ ပါဝင်တာတွေဟာ ဦးနှောက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ဖြစ်စေပါတယ်။ WHOရဲ့ ၂၀၂၆ လမ်းညွှန်ချက်တွေမှာလည်း လူမှုရေး လှုပ်ရှားမှုတွေနဲ့ ဦးနှောက်ကျန်းမာရေး ဆက်စပ်နိုင်ခြေတွေအကြောင်း ထည့်သွင်း ဆွေးနွေးထားပါတယ်။
‣ အသက်ကြီးမှ ဂရုစိုက်ရမယ့် ရောဂါမဟုတ်
WHO ရဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းမှာ dementia နဲ့ နေထိုင်နေသူ ၅၇ သန်းကျော် ရှိပြီး နှစ်စဉ် လူနာအသစ် ၁၀ သန်းနီးပါး ထပ်တိုးလာနေတယ်လို့ သိရပါတယ်။ ဦးနှောက်ချွတ်ယွင်းမှု ဖြစ်စေတဲ့ dementia ရောဂါ မျိုးကွဲတွေထဲမှာမှ အယ်လ်ဇိုင်းမား (Alzheimer)ကတော့ အချိုးအစား အများဆုံးဖြစ်ပြီး ရောဂါရှိသူ အားလုံးရဲ့ ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းကြားမှာ ဖြစ်ပွားနေပါတယ်။
ဒီနေရာမှာ dementia ရောဂါတွေကို အပြည့်အဝပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်း မရှိသေးပေမယ့် အစောပိုင်းမှာပြောခဲ့သလိုပဲ ရောဂါ ဖြစ်တန်ခြေကို လျှော့ချနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေ လုပ်နိုင်မယ်ဆိုရင် dementia ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်မယ်လို့ ပညာရှင်တွေက ထောက်ခံထားပါတယ်။
ပျိုရွယ်နုနယ်ချိန်မှာ ပုံမှန်ဖြတ်သန်းခဲ့တဲ့ နေ့စဉ် လူနေမှုဘဝဟာ အနာဂတ်မှာ မှတ်ဉာဏ်နဲ့ ဦးနှောက် ကျန်းမာရေးကို ထိန်းသိမ်းနိုင်ဖို့ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေမှန်း လူတိုင်း နားလည်ကြဖို့ လိုပါတယ်။



















































