တရုတ်နိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီးပြီဆိုတဲ့ သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။
နိုဝင်ဘာ လထဲမှာ ကင်မ်နဲ့ ထရမ့်တို့ တွေ့ဆုံနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေနဲ့ ပတ်သက်ပြီး ထရမ့်က မတင်မကျ တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ရှန်ဇန်းမြို့ကို နိုဝင်ဘာ ၁၈ နဲ့ ၁၉ တို့မှာ သွားရောက်မှာ ဖြစ်ပါတယ်။
အိမ်ဖြူတော်မှာ သတင်းထောက် တစ်ယောက်က အေပက် ညီလာခံတက်ရင်း ကင်မ်နဲ့ တွေ့ဖြစ်မလားလို့ မေးတဲ့အခါ ထရမ့်က သူမသိကြောင်း၊ တစ်ယောက်ယောက်က ဆွေးနွေး စကားပြောဖို့ ကမ်းလှမ်းထားတာမျိုး ရှိပါ့မလား ဆိုတာလည်း မသေချာကြောင်း ပြန်ဖြေခဲ့ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ အစဉ်အလာအရ တင်းမာတဲ့ ဆက်ဆံရေး ရှိပေမယ့် သူနဲ့ ကင်မ်တို့ ကြားမှာတော့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း ထရမ့်က အခိုင်အမာ ဆိုပါတယ်။ ကင်မ်နဲ့ သူနဲ့ကြား အဆင်ပြေကြောင်း၊ ဆက်ဆံရေးလည်း အရမ်းကောင်းမွန်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

Public Service Announcement
ထရမ့်ဟာ သူ့ရဲ့ အမေရိကန် သမ္မတ ပထမသက်တမ်း အတွင်းတုန်းက ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကိစ္စအတွက် ကင်မ်နဲ့ ၃ ကြိမ် တွေ့ဆုံဖူးပေမယ့် လက်ရှိ ဒုတိယအကြိမ် သမ္မတ သက်တမ်းမှာတော့ သူတို့နှစ်ယောက် မဆုံဖြစ်သေးပါဘူး။
ဩဂုတ်လတုန်းက ထရမ့်က သူဟာ အခုနှစ်ကုန်ပိုင်းလောက်မှာ ကင်မ်နဲ့ တွေ့ဆုံဖြစ်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းကလည်း ထရမ့်က သူ့ရဲ့ လာမယ့် အာရှ ခရီးစဉ်အတွင်း ကင်မ်နဲ့ တွေ့ဖြစ်ခဲ့မယ်ဆိုရင် စိတ်လှုပ်ရှားစရာပဲလို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။
မြောက်ကိုရီးယား အစိုးရဖက်ကတော့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲမျိုး ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကင်မ်ဟာ ဦးနှောက်အတွင်းပိုင်း သွေးယိုပြီး သတိလစ် မေ့မျောနေလို့ တရုတ်နိုင်ငံမှာ အရေးပေါ် သွားရောက် ကုသမှု ခံယူနေရတယ်ဆိုတဲ့ ကောလာဟလတွေလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။ တချို့ကတော့ ကင်မ်သေဆုံးသွားပြီလို့တောင် ဆိုနေကြပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရရော၊ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာ ဌာနကြီးတွေကပါ ကင်မ်ရဲ့ ကျန်းမာရေးကိစ္စ သတင်းကို ဖော်ပြတာမျိုး မတွေ့ရသေးပါဘူး။
ကိုးကား: Korea Joongang




















































