Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ဘာသာရေး ပွဲတော်တစ်ခုမှာ လူအုပ်ကို ထရပ်ကား ဝင်တိုက်မိလို့ ၁၅ ဦးသေဆုံး

အိန္ဒိယ နိုင်ငံက ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခုကို ထရပ်ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အိန္ဒိယ နိုင်ငံက ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခုကို ထရပ်ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ အရုဏ်မတက်ခင် မနက်အစောပိုင်းတုန်းက နိုင်ငံ အလယ်ပိုင်း၊ မက်ဒ်ယာ ပရာဒက်ရှ်မှာရှိတဲ့ ဂွာလီယာ မြို့ထဲက ဟိန္ဒူ ဘုရားကျောင်း တစ်ခုနားမှာ စုဝေးနေတဲ့ လူအုပ်ကို ကုန်အပြည့်နဲ့ ထရပ်ကားက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက အဲဒီဖြစ်ရပ်အတွင်း ဝတ်ပြုဆုတောင်းသူ ၁၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိခဲ့ကြောင်း ပြောပါတယ်။ အိန္ဒိယ သမ္မတ ဒရူပါဒီ မာမူက အခုလို ဖြစ်ရပ်ဆိုးကြောင့် လူ့အသက်တွေ ဆုံးရှုံးရတဲ့အတွက် အထူး ကြေကွဲတုန်လှုပ်မိကြောင်း ထုတ်ပြန်ပါတယ်။

ထိခိုက်သေဆုံးသူတွေ၊ မိသားစုဝင်တွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း၊ ဒဏ်ရာရသူတွေလည်း အမြန်ဆုံး ပြန်သက်သာလာဖို့ ဆုတောင်းပေးကြောင်း မာမူက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုဖြစ်ရပ်ဟာ တမင်ရည်ရွယ်ထားတဲ့ တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ ကုန်းဆင်းမှာ ဘရိတ်ပေါက်သွားတဲ့ မတော်တဆမှုလို့ ရဲတွေက ယုံကြည်နေပါတယ်။ သတင်းဌာနတွေက ဒီလ်ဘက်ဂ်ဆင်းလို့ နာမည်ဖော်ပြထားတဲ့ ယာဉ်မောင်းကို ရဲတွေက ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။ ယာဉ်မောင်းက သူ့ကားဟာ ရုတ်တရက် ဘရိတ်အုပ်လို့ မရတော့ဘဲ ဖြစ်ခဲ့ကြောင်း ထွက်ဆိုထားပါတယ်။

လူဦးရေ ၁.၄ ဘီလီယံလောက် နေထိုင်တဲ့ အိန္ဒိယဟာ ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း ၁၈၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပျမ်းမျှ တစ်နေ့ကို ၅၀၀ ကျော် အသေအပျောက် ရှိခဲ့တဲ့ အဓိပ္ပါယ်ပါ။ ဖြစ်စဉ် အများစုဟာ ယာဉ်တွေရဲ့ ကြံ့ခိုင်မှု ထိန်းသိမ်းပုံ အားနည်းချက်၊ လမ်းတွေနဲ့ အခြေခံ အဆောက်အအုံ အရည်အသွေး ညံ့ဖျင်းမှုတွေ၊ အလုပ်ဝန်ပိနေတဲ့ ယာဉ်မောင်းတွေကြောင့်လို့ သိရပါတယ်။

အိန္ဒိယရဲ့ ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခုမှာ လူအများအပြား သေဆုံးတာကတော့ ရက်ပိုင်းအတွင်း ဒါဟာ ဒုတိယမြောက် ဖြစ်စဉ်ပါ။ အောက်တိုဘာ ၁၇ ရက်နေ့တုန်းကလည်း ကိုလ်ကတ္တားမြို့က ဘာသာရေး ပွဲတော်တစ်ခုမှာ မိုးရုတ်တရက်ရွာလို့ လူတွေက အမိုးအကာအောက် ပြေးကြလွှားကြရင်း အချင်းချင်း ပိမိကြ၊ နင်းမိကြလို့ ၁၇ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ