အီကွေဒေါ နိုင်ငံမှာ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး တရားဟောနေတုန်း နောက်မှာ ထောင်ထားတဲ့ လက်ဝါးကပ်တိုင်ကြီး လဲကျလာရာက ပိမိပြီး ကွယ်လွန်သွားခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့က တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဘာသာရေး အစီအစဉ်မှာ အဲဒီလို တုန်လှုပ်စရာ ဖြစ်ရပ် ပေါ်ပေါက်လာပြီး ဗီဒီယိုတွေက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဂိုင်ယာကေးမြို့ ရိုမန်ကက်သလစ် ခရစ်ယာန် အသင်းတော်က ဘုန်းတော်ကြီး ပက်ထရစ်စီယို အယ်လ်ဖရက်ဒို ဆန်းချက်ဇ် မိုလီနာရီ ကွယ်လွန်သွားတဲ့ သတင်းကို အတည်ပြု ကြေညာခဲ့ပါတယ်။ သူဟာ ဂိုင်ယာကေးမှာရှိတဲ့ Church of Perpetual Relief of the Central Vicariateရဲ့ အကြီးအမှူး ဘုန်းတော်ကြီး ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ ဘုန်းတော်ကြီး မိုလီနာရီရဲ့ နောက်က နံရံမှာ မှီပြီးကပ်ထားတဲ့ ခရစ်တော် လက်ဝါးကပ်တိုင်ကြီးဟာ အောက်ခြေကနေ ရှေ့ဖက်ကို ပြိုလဲပြီး ဘုန်းတော်ကြီးတည့်တည့်ကို အရှိန်နဲ့ ပိကျသွားတာ တွေ့ခဲ့ရပါတယ်။ မိုလီနာရီဟာ သူ့ဆီကို လက်ဝါးကပ်တိုင်ကြီး ပြုတ်ကျလာတာကို လုံးဝ သိခွင့်မရလိုက်ပါဘူး။ တိုက်ရိုက် ထုတ်လွှင့်ထားတဲ့ ဗီဒီယိုကိုတော့ နောက်ပိုင်းမှာ လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားခဲ့ပါတယ်။

Public Service Announcement
ဘုန်းတော်ကြီးဟာ လက်ဝါးကပ်တိုင် ပိမိပြီးကတည်းက သတိပြန်မရတော့ဘဲ ကွယ်လွန်ခဲ့ပါတယ်။ အနီးမှာ ရှိနေတဲ့ သူတွေက သူ့ကို အပြေးအလွှား သွားရောက် ကူညီခဲ့တာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
မိုလီနာရီက လူတိုင်းဟာ တစ်နေ့မှာ သေရမှာဖြစ်ပြီး ကိုယ့်ရဲ့ အသက်ဝိညာဉ်ကို ဘုရားသခင်ဆီ ယုံကြည်အပ်နှံထားဖို့ ဆုံးမပြောဆိုနေချိန်မှာ လက်ဝါးကပ်တိုင် ပိမိခဲ့တာလို့ မျက်မြင်တွေက ပြောကြားခဲ့ပါတယ်။
ကိုးကား: NBC


















































