ကင်းထောက် ရဟတ်ယာဉ်ငယ်တစ်စီး ပျက်ကျလို့ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီစစ်တပ်က အတည်ပြုခဲ့ပါတယ်။
ဒါဟာ ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေနဲ့ ဆင်နွှဲနေတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း ဆော်ဒီစစ်တပ်ရဲ့ နောက်ထပ် ဆုံးရှုံးမှုတစ်ခု ဖြစ်လာပါတယ်။ Boeing AH-6i အမျိုးအစား ရဟတ်ယာဉ်ဟာ ဟိုသီတွေနဲ့ စစ်ပွဲအတွက် စစ်ဆင်ရေး မစ်ရှင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ဆော်ဒီရဲ့ နက်ဂျ်ရန်းဒေသမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။
အီရန်မဟာမိတ်ဖြစ်တဲ့ ဟိုသီတွေက နက်ဂျ်ရန်းမှာ ရန်လိုတဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ဆော်ဒီ AH-6i ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီကတော့ ရဟတ်ယာဉ် ပျက်ကျသွားတယ်လို့ ကြေညာပေမယ့် ဟိုသီတွေ ပစ်ချတယ် ဆိုတာကိုတော့ အတည်ပြုမထားပါဘူး။
ဟိုသီတွေနဲ့ စစ်ခင်းနေတဲ့ ယီမင်အစိုးရဖက်က ကူညီပေးနေပြီး ဆော်ဒီက ဦးဆောင်နေတဲ့ အာရပ်မဟာမိတ် တပ်ပေါင်းစု ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် တာကီအယ်လ် မာလီကီကတော့ ရဟတ်ယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုခု ကြုံခဲ့တာ ဖြစ်နိုင်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောကြားထားပါတယ်။

Public Service Announcement
ဟိုသီတွေက ရဟတ်ယာဉ်ကို ဒုံးကျည်နဲ့ ချိန်ရွယ် ပစ်ချခဲ့တယ်ဆိုတဲ့ မှတ်တမ်းဗီဒီယို တစ်ခုကို ထုတ်ပြန်ခဲ့ပေမယ့် သဲသဲကွဲကွဲ မရှိသလို ပစ်မှတ်ဟာ AH-6i တစ်စီး ဟုတ်မဟုတ် သဲသဲကွဲကွဲ မမြင်ရပါဘူး။
အောက်တိုဘာ ၁၇ ရက်နေ့တုန်းကလည်း ဟိုသီ ပြောရေးဆိုခွင့်ရ အရာရှိ ယာဟ်ယာ ဆာရီက နက်ဂျ်ရန်းမှာ ဆော်ဒီရဲ့ AH-64 Apacheလို့ ယုံကြည်ရတဲ့ ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့ကြောင်း လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပါတယ်။ အဲဒီဖြစ်ရပ် နှစ်ခုဟာ တူတူပဲလား၊ သီးခြားစီလား ဆိုတာကိုလည်း မသိရသေးပါဘူး။
နက်ဂျ်ရန်းမှာပဲ ဟိုသီတွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်၊ ဒါမှမဟုတ် ဒရုန်းတစ်ခုက လူနေဧရိယာထဲ ကျရောက်လို့ လူ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း ဆော်ဒီ ပြည်သူ့လုံခြုံရေး အာဏာပိုင်တွေက အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
နက်ဂျ်ရန်းဟာ ဆော်ဒီရဲ့ တောင်ဖက်စွန်းမှာ တည်ရှိပြီး ဟိုသီတွေ ထိန်းချုပ်ထားရာ ယီမင်မြောက်ပိုင်းနဲ့ ထိစပ်နေပါတယ်။ ဆော်ဒီနဲ့ ဟိုသီတို့ကြား စစ်ရေးပဋိပက္ခတွေ မြင့်တက်လာတဲ့ ကာလတလျှောက် အဲဒီဒေသဟာ မကြာခဏ တိုက်ခိုက်မှုတွေ ကြုံတွေ့နေခဲ့ရပါတယ်။
ကိုးကား: Reuters


















































