“စင်တာတွေမှာ လူမရှိဘူး။ ကမ်ပိန်းက တော်တော် ခရီးရောက်နေတယ်။ ပွဲစားတွေလည်း ခုလောလောဆယ်မှာ လိုင်းပေါ်မှာ တက်ကြေညာတဲ့သူ မတွေ့ရသလောက်ပဲ”
— ဦးဝေလင်းမောင် (CDM အလုပ်သမားသံအရာရှိ)
အောက်တိုဘာ ၂၀၊ ၂၀၂၆။ နေ့သစ် / People’s Spring
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာတွေမှာ လာလုပ်သူ မရှိသလောက် ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်က ဖွင့်လှစ်ပြီး လျှောက်ထားလိုတဲ့သူတွေ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ် ၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကို ရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ရက်တစ်ပတ်ကြာတဲ့အထိ CI စခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက် မြန်မာလုပ်သားတွေဟာ CI လုပ်ဖို့ စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

Public Service Announcement
“စင်တာတွေမှာ လူမရှိဘူး။ ကမ်ပိန်းက တော်တော် ခရီးရောက်နေတယ်။ ပွဲစားတွေလည်း ခုလောလောဆယ်မှာ လိုင်းပေါ်မှာ တက်ကြေညာတဲ့သူ မတွေ့ရသလောက်ပဲ။ လုပ်ပေးမယ့် ပွဲစားတွေလည်း လန့်နေကြတယ်။ ဘယ်သူမှ သွားမလုပ်တော့ဘူးဆိုရင် ထိုင်းအစိုးရကို ဖိအားပေးဖို့ နောက်တစ်ဆင့် လာမယ်ပေါ့” လို့ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းအတွက် ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြတောင်းဆိုတဲ့အထိ သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။
“အလုပ်သမားတွေ စောင့်ကြည့်နေကြတယ်။ ကမ်ပိန်းကို စောင့်ကြည့်နေကြတယ်။ အလုပ်သမားတွေ စိတ်ဝင်စားမှု များနေတယ်။ ILO ဥပဒေအရ လုပ်သားတွေက အခွန် နှစ်ထပ် ဆောင်နေရတယ်။ အဲလိုဖြစ်နေတယ်” လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။
မဟာချိုင်နယ်မြေက AAC မဟာမိတ်အဖွဲ့က ဦးခိုင်ကြီးကတော့ “CI စခန်းတွေ တစ်ရက် လူ ၂၅ လောက်ပဲ ဝင်တယ်။ ကမ်ပိန်းကြောင့် တန့်နေတယ်။ ထိုင်းအစိုးရဘက်က ညှိနှိုင်းတာတွေ ရှိတယ်။ လူတစ်ဦးတစ်ယောက် တောင်းဆိုတာကို လက်မခံဘူး၊ ကမ်ပိန်းကို စာရွက်စာတမ်းနဲ့ ပို့ခိုင်းနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိတွေက မဟာချိုင်မှာရှိတဲ့ စက်ရုံကြီးတွေကို သွားရောက်ပြီး မြန်မာလုပ်သားတွေကို ရှင်းပြဆွေးနွေးမှု ပြုလုပ်ရာ မြန်မာလုပ်သားတွေက အခွန်မပေးနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်လို့ သိရတယ်လို့ သိရကြောင်းလည်း ဦးခိုင်ကြီးက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သား အများအပြားဟာ စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) မလုပ်ရေး လှုံ့ဆော်တဲ့ ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သား အများအပြား ပါဝင်နေကြပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ် မလုပ်ရေးနဲ့ ပတ်သက်ပြီး အချက် (၄) ချက်ပါတဲ့ တောင်းဆိုလှုပ်ရှားမှု စတင်ခဲ့တာဖြစ်ပါတယ်။
CI မလုပ်ရေး၊ CI Passport မလိုဘဲ ပန်းရောင်ဘတ်ကတ်နှင့် Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ခွင့် ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့် ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့ အချက် ၄ ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ ထိုင်းရောက် မြန်မာလုပ်သားတွေ အများအပြား လှုပ်ရှားမှုမှာ ပါတင်လာနေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။
CI ထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေး ဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊ လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံ မကြာခဏ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အခု CI လုပ်ရမယ့် အလုပ်သမားတွေဟာ လူအဟောင်းတွေ မဟုတ်ဘဲ ဘတ်အသစ် ပြုလုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ ဘတ်အသစ် ပြုလုပ်ထားတဲ့ မြန်မာလုပ်သား ဦးရေ ၄ သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။
CI စာအုပ် ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅,၀၀၀ ခန့် ကုန်ကျမှာဖြစ်ပြီး အခုတစ်ခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တစ်ပါတည်း ပေးဆောင်ရမှာလို့ သိရကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃ လစာငွေ လွှဲပို့ထားသူတွေကို CI စာအုပ် ထုတ်ပေးရေးစခန်း ၅ ခု ပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
အဲဒီလို CI စာအုပ် လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့ အခြေခံလုပ်ခလစာ ၃ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့ အထောက်အထား တင်ပြရမယ်ဆိုပြီး ကန့်သတ်ချက် ထည့်ထားတာကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေ ပိုရအောင် လုပ်မယ် ပြောပြီး မကြာခင်အခုလို CI ထုတ်ပေးတာတွေ လုပ်လာတာ ဖြစ်ပါတယ်။
အခု CI လုပ်မယ်ဆိုရင် လွှဲပို့ငွေ အထောက်အထား ပြရမယ့် ကန့်သတ်ချက်အရ အခြေခံလုပ်ခကို ထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့အတွက် တစ်လ လွှဲပို့ငွေပမာဏ ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ် ၂,၆၀၀ ရှိကာ ၃ လစာ ဘတ် ၇,၈၀၀ နဲ့ ညီမျှတဲ့ ကျပ် ၁၀ သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တွက်ပြထားပါတယ်။
စစ်ကောင်စီက ထိုင်းရောက် မြန်မာလုပ်သားတွေဆီက ငွေကောက်ပြီး CI ကတ် လုပ်ပေးမယ့် အစီအစဉ်အတွက် အရာရှိ ၃၀ ကျော်ကို အောက်တိုဘာ ဒုတိယပါတ်မှာ ထိုင်းကို စေလွှတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာန PPTV က ဖော်ပြပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေဟာ ထိုင်းမှာ အလုပ်လုပ်ပြီး ပန်းရောင်ကတ် ပြုလုပ်ရင်း ထိုင်းအစိုးရကိုလည်း အခွန်ဆောင်ထားသလို အာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်ပေးခ အခွန် ထပ်ကောက်တာကြောင့် အခွန် ၂ ထပ် ကောက်သလို ဖြစ်နေတယ်လို့ အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံက PPTV သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ အခုလို အခွန် ထပ်ကောက်မယ့် အစီအစဉ်ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း သူက ထောက်ပြပါတယ်။
ဒါ့အပြင် မြန်မာစစ်အုပ်စုက CI လုပ်ချင်တာဟာ ထိုင်းရောက် မြန်မာလုပ်သားတွေဆီက အခွန်ကောက်ခံပြီး အကျိုးအမြတ် ရယူချင်တာအပြင် မြန်မာနိုင်ငံက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့နဲ့ အစိုးရကို ဆန့်ကျင်သူတွေရဲ့ အချက်အလက် ရရှိနိုင်ဖို့အတွက် ရည်ရွယ်ထားတာလည်း ဖြစ်တယ်လို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။ ဒါကြောင့် ထိုင်းအစိုးရက စစ်ကောင်စီကို ထိုင်းလာပြီး CI လုပ်ခွင့်ပေးတာဟာ ထိုင်းနိုင်ငံအတွင်း စစ်အုပ်စုကို ဝင်ရောက်စွက်ဖက်၊ ကျူးကျော်ခွင့်ပေးတာသာ ဖြစ်တယ်လို့ မစ္စနီလူးဘွန် ဖုန်ဇယုံနဲ့ ထိုင်းလွှတ်တော်အမတ်အချို့က ဝေဖန်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ကွန်ရက်ဖြစ်တဲ့ Bright Future မှ ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော် အလုပ်သမားရေးရာကော်မတီထံ အောက်တိုဘာလဆန်းမှာ သွားရောက်တောင်းဆိုထားပါတယ်။




















































