အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် အာဏာရလာပြီးနောက်ပိုင်း ဗီဇာပေါင်း ၃၀၀၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၀ မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီ အချက်အလက်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ထရမ့်ဦးဆောင်တဲ့ အမေရိကန် ဖက်ဒရယ် အစိုးရဟာ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ်ပြီး အမေရိကန်မှာ ရွှေ့ပြောင်း အခြေချသူတွေအပေါ် တင်းတင်းကျပ်ကျပ် ပစ်မှတ်ထား ကိုင်တွယ်တာတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ထုတ်ပြန်ချက်မှာ ပါရှိတဲ့ အချက်အလက်တွေအရ အစိုးရရဲ့ ဗီဇာပယ်ဖျက်မှုနဲ့ ရုပ်သိမ်းမှုတွေဟာ မကြာသေးခင် သီတင်းပတ်တွေမှာ ပိုပြီး အရှိန်မြင့်လာတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ဖြူတော်ဆီ ထရမ့်ပြန်ရောက်လာတဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ် ၁၀ ရက်နေ့ထိ နောက်ဆုံး ထုတ်ပြန်ခဲ့ဖူးတဲ့ စာရင်းအရ ရုပ်သိမ်းခံရတဲ့ ဗီဇာ ပမာဏဟာ ၁၇၅၀၀၀ ဝန်းကျင်သာ ရှိခဲ့လို့ပါ။
ဒါကြောင့် ဩဂုတ်လလယ်ကနေ အောက်တိုဘာ လလယ်လောက်အတွင်း နောက်ထပ် ဗီဇာပေါင်း ၁၂၅၀၀၀ ကျော်လောက် ရုပ်သိမ်းခံရတဲ့ အဓိပ္ပါယ်မျိုး ဖြစ်လာပါတယ်။

Public Service Announcement
ရွှေ့ပြောင်း အခြေချမှုတွေကို ဖြိုခွင်းတာ၊ တရားမဝင် ဝင်ရောက်လာသူတွေကို နယ်နှင်တာတွေဟာ ပြည်တွင်း လုံခြုံရေးအတွက် အရေးပါတဲ့ မူဝါဒတွေ ဖြစ်တယ်လို့ ထရမ့်က အကြောင်းပြထားပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီလို ဖြိုခွင်းမှုတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ တခြား ကျင့်ဝတ်စည်းမျဉ်းတွေကို ချိုးဖောက်နေပြီး တချို့သော လူ့အဖွဲ့အစည်းတွေ၊ အထူးသဖြင့် လူနည်းစုတွေအတွက် ဘေးမကင်းတဲ့ ပတ်ဝန်းကျင်မျိုးတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း စွပ်စွဲ ဝေဖန်ထားပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တော်မီပစ်ဂေါ့က ဗီဇာ ၃၀၀၀၀၀ ကျော် ရုပ်သိမ်းပြီးတဲ့ အကြောင်းကို လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားအတည်ပြုရင်း သမ္မတ ထရမ့်ရဲ့ အစိုးရဟာ သမိုင်းတလျှောက် ဘယ်အမေရိကန် အစိုးရထက်မဆို ပိုပြီး ဗီဇာတွေကို လျင်လျင်မြန်မြန် ရုပ်သိမ်းနိုင်စွမ်းမျိုး ပြသခဲ့ကြောင်း ညွှန်းဆိုထားခဲ့ပါတယ်။
ထရမ့်ရဲ့ အစိုးရဟာ အမေရိကန်မှာ ရှိနေတဲ့ နိုင်ငံခြားသားတွေ ဗီဇာစည်းမျဉ်းတွေ ချိုးဖောက်တာ၊ လိမ်ညာလှည့်စားတာ၊ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကို ထိပါးတာတွေ မှန်သမျှကို လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
ဗီဇာ ရုပ်သိမ်းခံရသူတွေထဲမှာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး အစ္စရေးကို ထောက်ခံတဲ့ အမေရိကန် အစိုးရကို ဆန့်ကျင် ဆန္ဒပြတဲ့၊ ပါလက်စတိုင်းကို ထောက်ခံအားပေးတဲ့ နိုင်ငံခြားသားတွေပါ ပါဝင်နေတာကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ထားကြပါတယ်။
ထရမ့်ရဲ့ အစိုးရဟာ နိုင်ငံခြားသား ဆန္ဒပြသူတွေကို နယ်နှင်တာမျိုးတွေအပြင် ရွှေ့ပြောင်း အခြေချသူတွေနဲ့ ဗီဇာ လျှောက်ထားသူတွေရဲ့ လူမှုကွန်ရက် မီဒီယာ အကောင့်တွေကို စေ့စေ့စပ်စပ် စောင့်ကြည့်တာမျိုးတွေပါ အရှိန်မြှင့် လုပ်ဆောင်လာနေကြောင်းလည်း သိရပါတယ်။
ထရမ့်ဟာ ၂၀၂၄ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်မှုတွေမှာ တရားမဝင် ရွှေ့ပြောင်းမှုတွေကို အစွမ်းကုန် ဖြိုခွင်းမယ်လို့ ကတိပြုထားခဲ့ပြီး အာဏာရလာချိန်မှာတော့ တရားဝင် ရွှေ့ပြောင်း အခြေချမှုတွေကိုပါ ပိုမို ခက်ခဲလာအောင် နည်းလမ်းပေါင်းစုံ တင်းကျပ်လာပါတယ်။ ဥပမာ တချို့သော အလုပ်လုပ်ခွင့် ဗီဇာတွေအတွက် ဗီဇာကြေးကို အစိုးရက ပမာဏ အမြောက်အမြား မြှင့်တင် သတ်မှတ်ခဲ့ပါတယ်။
ကိုးကား: Reuters




















































