Connect with us

Hi, what are you looking for?

သတင်း

အတိုက်အခံခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာချာဒို ဗင်နီဇွဲလားကို ပြန်ရောက်လာ

ပြည်ပမှာ စုစုပေါင်း ၁၀ လကျော်လောက် တိမ်းရှောင်နေခဲ့တဲ့နောက် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာရီယာ ကော်ရီနာ မာချာဒိုဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။

ဓာတ်ပုံ - Reuters

ပြည်ပမှာ စုစုပေါင်း ၁၀ လကျော်လောက် တိမ်းရှောင်နေခဲ့တဲ့နောက် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာရီယာ ကော်ရီနာ မာချာဒိုဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။

ဗင်နီဇွဲလားကို ပြန်ရောက်နေပြီဖြစ်ကြောင်း မာချာဒိုက အောက်တိုဘာ ၂၅ ရက်နေ့မှာ လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပြီး ကရာကက်စ် မြို့တော်ရဲ့ လမ်းမတွေပေါ်မှာတော့ သူ့ကို ဝိုင်းဝန်းကြိုဆိုတဲ့ ပြည်သူတွေ အများအပြားနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မာချာဒိုဟာ ဗင်နီဇွဲလား သမ္မတဟောင်း နစ်ကိုလက်စ် မာဒူရို လက်ထက်တုန်းက ပစ်မှတ်ထား ဖြိုခွင်းမှုတွေကြောင့် သိုသိုသိပ်သိပ် နေထိုင်ခဲ့ရပါတယ်။ ဇန်နဝါရီ လမှာတော့ သူဟာ ညပိုင်းမှာ ဗင်နီဇွဲလားကနေ လျှို့ဝှက် ထွက်ခွာသွားခဲ့ပြီး နော်ဝေးနိုင်ငံဆီ ခရီးဆက်ခဲ့ရင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို လက်ခံယူခဲ့ပါတယ်။ အမေရိကန်က မာဒူရိုကို ဝင်ရောက် ဖမ်းဆီးခဲ့တဲ့နောက် မာဒူရိုရဲ့ လက်ထောက် ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်က ဗင်နီဇွဲလား ယာယီ သမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မာချာဒိုဟာ ဗင်နီဇွဲလားကို ပြန်သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူး။ အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ သူဟာ ကရာကက်စ် မြို့တော်ကို ယာဉ်တန်းတစ်ခုနဲ့ ဝင်ရောက်လာပြီး ထောက်ခံ အားပေးသူတွေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။ မာချာဒိုက ကားတစ်စီးရဲ့ အမိုးမှန်တံခါးကို ဖွင့်ပြီး ပြည်သူတွေကို နှုတ်ဆက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကရာဆက်စ်မြို့ရဲ့ ပြန်လည်ဆုံဆည်းမှု အမှတ်တရ ညတစ်ညကို ဖြတ်သန်းခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ မိသားစုတွေ ပြန်ပေါင်းစုံဖို့၊ ဗင်နီဇွဲလားနိုင်ငံ လွတ်မြောက်ဖို့ အရေးပါတဲ့ ညတစ်ည ဖြစ်ခဲ့ကြောင်း မာချာဒိုက Xမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့လက ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNAG) မိန့်ခွန်းမှာ ယာယီ သမ္မတ ရိုဒရီဂတ်ဇ် သင့်တော်တဲ့ အချိန်ကာလ တစ်ခုရောက်ရင် ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီနောက် တစ်လလောက် အကြာမှာ မာချာဒိုက နိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။

မာချာဒိုရဲ့ အနီးကပ် အကြံပေး တစ်ဦးကတော့ မာချာဒိုဟာ အရင်က ဗင်နီဇွဲလားကို ပြန်နိုင်ဖို့ ၇ ကြိမ် ကြိုးပမ်းခဲ့ပြီး အကြိမ်ကြိမ် ငြင်းပယ် ခံခဲ့ရတယ်လို့ စက်တင်ဘာလတုန်းက ပြောကြားဖူးပါတယ်။ မာချာဒို ပြန်ခွင့်ရဖို့ နှောင့်နှေးနေရာမှာ အမေရိကန် အစိုးရက ကြားဝင် ဟန့်တားမှုတွေကြောင့်လည်း ပါတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပေမယ့် အမေရိကန်ကတော့ ငြင်းဆိုထားပါတယ်။

မာချာဒိုဟာ ဗင်နီဇွဲလားရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မာဒူရိုရဲ့ အစိုးရက သူ့ကို အခွန်လိမ်လည်မှုတွေနဲ့ စွပ်စွဲပြီး ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ မာချာဒိုကတော့ အဲဒီ စွပ်စွဲချက်တွေကို ပယ်ချပြီး အစိုးရရဲ့ နိုင်ငံရေး ခြေထိုးမှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ နောက်ပိုင်းမှာတော့ မာချာဒိုဟာ မာဒူရိုရဲ့ စက်ကွင်းက လွတ်အောင် ကိုယ်ရောင်ဖျောက် ပုန်းကွယ်နေခဲ့ရပြီး ၂၀၂၄ ရွေးကောက်ပွဲကို မာချာဒိုအစား မဟာမိတ် တစ်ဦးဖြစ်တဲ့ အက်ဒ်မန်ဒို ဂွန်ဇာလက်ဇ်က အစားထိုး ယှဉ်ပြိုင်ခဲ့ပါတယ်။

မာဒူရိုရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့ ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းတွေကို တိတိကျကျ မထုတ်ပြန်ဘဲ ရွေးကောက်ပွဲမှာ မာဒူရို အနိုင်ရကြောင်း ကြေညာခဲ့ပြီး အတိုက်အခံတွေက အဲဒီရလဒ်တွေမှာ အကြီးအကျယ် မသမာမှုတွေ ရှိနေကြောင်း စွပ်စွဲခဲ့ကြပါတယ်။

မာချာဒိုဟာ ပုန်းကွယ်ပြီး နေထိုင်နေခဲ့ချိန် ကာလအတောအတွင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး အဲဒီနောက် နော်ဝေးမှာ ကိုယ်တိုင် ဆုသွားယူခဲ့တာပါ။ ဇန်နဝါရီလမှာတော့ မာချာဒိုဟာ အိမ်ဖြူတော်ကို သွားရောက် လည်ပတ်ခွင့် ရခဲ့ပြီး သူ့ရဲ့ဆုတံဆိပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီကတော့ ဆုကို တခြားသူတွေဆီ မျှဝေတာ၊ လက်လွှဲတာတွေကို အသိအမှတ် ပြုမှာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလားမှာ အတွဲလိုက် လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး နှစ်ခုအပြီး သေဆုံးသူ အရေအတွက်ဟာ ၂၃၅ ဦးထက်မနည်း ရှိလာသလို ကယ်ဆယ်ရေးတွေကလည်း ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။

Facebook