Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလား ငလျင်ကြီးတွေအပြီး ၆ ရက်အကြာမှာ ၃ နှစ်သား ကလေးငယ် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကလိုင်ဘာ မိုရန်လို့ ဒေသခံ မီဒီယာတွေက နာမည်ဖော်ပြထားခဲ့တဲ့ ကလေးငယ်ကို ငလျင်တွေရဲ့ဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ လာဂွိုင်ရာပြည်နယ်ထဲက အဆောက်အအုံပျက်ကြီး အောက်ကနေ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပိတ်မိနေသူတွေအတွက် မျှော်လင့်ချက် မကုန်သေးဘူးဆိုတဲ့ အကောင်းဆုံး သက်သေ ဖြစ်လာကြောင်း ဗင်နီဇွဲလား ယာယီ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်က ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလား မြောက်ပိုင်းမှာ စက္ကန့် ၄၀ ပဲခြားပြီး လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၂ နဲ့ ၇.၅ ငလျင်ကြီးတွေကြောင့် လူပေါင်း ၂၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ၁၀၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အသေအပျောက် စာရင်းဟာ ဆက်တိုက် မြင့်တက်လာနေဆဲပါ။ ပြီးတော့ အိမ်ခြေ အဆောက်အအုံ ၆၀၀၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့၊ ပြိုကျခဲ့ပါတယ်။

၃ နှစ်သားလေး မိုရန်ကိုတော့ ဇွန်လ ၃၀ ရက်နေ့၊ ငလျင်ကြီးတွေအပြီး ၁၄၄ နာရီ အကြာမှာ ရှာတွေ့ခဲ့ပါတယ်။ အဲဒီ ကလေးငယ်ဟာ ကွန်ကရစ် အပျက်အစီးတွေအောက် မှောင်မှောင်မည်းမည်းထဲမှာ အချိန်အကြာကြီး ပိတ်မိနေခဲ့တာပါ။ သူ့ကို ရှာတွေ့ခဲ့ချိန်မှာ ဗင်နီဇွဲလားနဲ့ ဂျော်ဒန် ကယ်ဆယ်ရေး အဖွဲ့တွေဟာ အတော်လေး စိတ်ထိခိုက်ခဲ့သလို ပျော်လည်း ပျော်ရွှင်ခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

ကလေးငယ်ဟာ ၆ ရက်လောက်ကြာအောင် ဘယ်လို အသက်ရှင်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ မိုရန်ဟာ လုံလောက်တဲ့ နေရာလွတ် တစ်ခုမှာ ရှိနေခဲ့ပြီး လေအဝင်အထွက်လည်း ပုံမှန် ဖြစ်နေခဲ့ကြောင်း ပြောပါတယ်။ ကလေးတွေရဲ့ ဇီဝကမ္မ ဖြစ်စဉ်ဟာ အရွယ်ရောက်ပြီး လူကြီးတွေထက် ရေဓာတ်နဲ့ အာဟာရ လိုအပ်ချက် ပိုနည်းစေတာ၊ ကွန်ကရစ်တွေက မိုးကာထားပေးလို့ အလွန်အကျွံ ပူပြင်းမနေတာတွေက မိုရန်အတွက် အလွန်အကျွံ ရေဓာတ်ဆုံးရှုံးမှုကနေ သက်သာရာ ရစေခဲ့တယ်လို့ ယူဆရပါတယ်။

လောလောဆယ်တော့ ကလေးငယ်ကို မြို့တော် ကရာဆက်စ်မှာရှိတဲ့ ဆေးရုံတစ်ခုမှာ တင်ပို့ကုသပေးထားပြီး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ မိသားစုဝင်တွေ ကံကြမ္မာနဲ့ ပတ်သက်လို့တော့ အာဏာပိုင်တွေက တိတိကျကျ မထုတ်ပြန်ထားပါဘူး။ ငလျင်လှုပ်ခတ်ပြီး ၆ ရက် အကြာမှာတော့ ရုပ်အလောင်းတွေကိုပဲ ထပ်မံ ရှာတွေ့ခဲ့ပြီး မိုရန်က တစ်ဦးတည်း အသက်ရှင်ကျန်သူ ဖြစ်လာပါတယ်။ သူနေထိုင်ခဲ့တဲ့ နေရာဟာ ငလျင်ကြီးတွေအတွင်း အသေအပျောက် အများဆုံး ဇုန်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန်၊ မက္ကဆီကိုတို့ အပါအဝင် နိုင်ငံတကာက ကယ်ဆယ်ရေး အဖွဲ့တွေဟာ ငလျင်ဘေးသင့် ဧရိယာတွေမှာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး ပူးပေါင်း ကူညီပေးနေပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ မရောက်နိုင်တဲ့ နေရာအများအပြားလည်း ရှိနေပြီး ဒေသခံတွေဟာ အပျက်အစီးတွေကို လက်ဗလာနဲ့ ဖယ်ရှားနေကြရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးကြောင့် သေဆုံးသူ ဦးရေဟာ ၅၀ ကျော်လွန်လာပြီဖြစ်ပြီး လူပေါင်း ၅၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာထားရဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးတစ်ခု အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ ငလျင်ကြီး လှုပ်ခတ်ပြီး ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေ အောက်ကနေ ကလေးငယ်လေး တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Facebook