အောက်တိုဘာ-၂၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring
နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။
အောက်တိုဘာ ၄ ရက်က မနက် ၈ နာရီခန့်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကြီးအုပ်စု၊ သစ်တပ်ကျေးရွာနေ မိဘမဲ့ အသက် ၂၃ နှစ်အရွယ် ကိုရန်နိုင်ဦးဆိုသူကို သစ်တပ်ကျေးရွာထိပ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ လူတစ်စုက ကား ၁စီးနဲ့ မကွေးမြို့ တပ်မ(၈၈)ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူအချို့က ပြောပါတယ်။
“သူက မျက်စိအမြင်အာရုံလည်း သိပ်မကောင်းဘူး။ အရွယ်မရောက်သေးတဲ့ ညီမနှစ်ယောက်ကို ရှာဖွေကျွေးမွေးနေတာပါ။ အငယ်ဆုံးလေးက ၄ နှစ်ပဲ ရှိသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီနောက် ကိုရန်နိုင်ဦးကို အောက်တိုဘာ ၁၀ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းထောင်းမြို့က စစ်မှုထမ်းသင်တန်းကျောင်း ပို့ဆောင်ခံလိုက်ရကြောင်း နီးစပ်သူအချို့က ပြောပါတယ်။
အကိုဖြစ်သူ ကိုရန်နိုင်ဦး ပေါ်တာဆွဲခံလိုက်ရတာကြောင့် ကျန်ရစ်တဲ့ ညီအစ်မ ၂ဦးဟာ လုပ်ကိုင်ကျွေးမွေးမယ့်သူမရှိတော့လို့ ဒုက္ခရောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။




















































