Connect with us

Hi, what are you looking for?

သတင်း

မန်ယူဂန္တဝင် ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ မြန်မာခရီးစဉ်မှ နုတ်ထွက်

၎င်းတို့ ၂ ဦး မပါတဲ့အတွက် လက်မှတ်ငွေ ပြန်အမ်းဖို့ ပရိသတ်အချို့ လိုလား

အောက်တိုဘာ ၂၈၊ ၂၀၂၆။ သုည၊ ဇော်ရမ်း / People’s Spring

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားတွေရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိတော့ဘဲ နုတ်ထွက်ခဲ့ကြောင်း Legendary Players Meet & Greet ပြိုင်ပွဲ စီစဉ်တဲ့အဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

မန်ယူ ဂန္တဝင် ကစားသမားတွေ အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသနိုင်ဖို့ စစ်အာဏာရှင် အဖွဲ့ရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ဖို့ တောင်းဆိုခံရပြီးတဲ့နောက် မန်ယူဂန္တဝင် ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ မြန်မာနိုင်ငံကို မလာဖြစ်တော့တာ ဖြစ်ပါတယ်။

မူလ အစီအစဉ်အရ မန်ယူ ဂန္တဝင် ကစားသမားတွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ဘာဘာတော့ဗ်၊ အန်ဒါဆန်နဲ့ အီဗရာတို့ဟာ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ရန်ကုန်မြို့မှာ နေထိုင်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ ပါဝင်တဲ့ မန်ယူ ကစားသမားတွေရဲ့ ခရီးစဉ်ကို စီစဉ်ထားကြောင်း ပွဲစီစဉ်သူတွေက သတင်းထုတ်ပြန်ခဲ့တဲ့ကာလမှာပဲ ခရီးစဉ် ဖျက်သိမ်းရေးအတွက် ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ ရောက် မြန်မာတွေက ဦးဆောင်ပြီး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

နာမည်ကျော် ဘောလုံးကစားသမားတွေရဲ့ ဒီခရီးစဉ်ဟာ မြန်မာ စစ်အာဏာရှင် အဖွဲ့က လက်ရှိ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်း တည်ငြိမ်မှုနဲ့ တရားဝင်မှု ရှိသလို ပြသဖို့အတွက် အသုံးချနိုင်ကြောင်း အသိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိမှာ တရားမဝင် စစ်အာဏာသိမ်း အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အပြစ်မဲ့ ပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေ အပါအဝင် လူပေါင်း များစွာကို နေ့စဉ် အကြမ်းဖက်မှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရကြောင်း အသိပေးထားပြီး ခရီးစဉ်ကို ပြန်လည် သုံးသပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ ဂန္တဝင် ကစားသမား တစ်ဦးချင်းစီကိုလည်း စာရေးသား ပေးပို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မန်ယူ ဂန္တဝင် ကစားသမားတွေ အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသနိုင်ဖို့ စစ်အာဏာရှင် အဖွဲ့ရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ဖို့နဲ့ ခရီးစဉ်ကို ဖျက်သိမ်းခြင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၎င်းရဲ့ ပရိသတ်တွေ တန်ဖိုးထားတဲ့ အခြေခံမူတွေကိုလည်း ထင်ဟပ်စေမှာ ဖြစ်ကြောင်း ဖော်ပြ တောင်းဆိုခဲ့ကြတာပါ။

အဲဒီလို ကန့်ကွက်မှုတွေ ပြုလုပ်ပြီးနောက် မန်ယူအသင်းရဲ့ အဓိက ဂန္တဝင် ကစားသမား နှစ်ဦးဖြစ်တဲ့ ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ မြန်မာနိုင်ငံကို လာရောက်ဖို့ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ထုတ်ပြန်ချက်မှာတော့ ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ဟာ Urgent Media Duty အစီအစဉ်ကြောင့် ယခုတစ်ကြိမ် ရန်ကုန်မြို့သို့ လာရောက်နိုင်တော့မှာ မဟုတ်ဘဲ ၎င်းတို့ရဲ့ ပါဝင်မှုကို ရွှေ့ဆိုင်းလိုက်ရကြောင်း ဖော်ပြထားပါတယ်။ အန်တိုနီယို ဗလင်စီယာနဲ့ ဖာဘီယို ဒါဆေးဗားလ်တို့ကတော့ လာမယ်လို့ အသိပေးထားပါတယ်။

မန်ယူ ပရိသတ်တွေနဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေရဲ့ တောင်းဆို ကန့်ကွက်မှုတွေကြောင့် ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ မြန်မာနိုင်ငံကို လာရောက်ဖို့ နုတ်ထွက်ခဲ့ကြတာ ဖြစ်နိုင်ပြီး ပွဲစီစဉ်သူတွေဖက်ကတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ကြောင်း နီးစပ်တဲ့ အသိုင်းအဝိုင်းကတစ်ဆင့် သိရပါတယ်။

သို့သော် မူလ စီစဉ်ထားတဲ့အတိုင်း မဟုတ်တဲ့အတွက် ဝယ်ပြီးသား လက်မှတ်တွေကို ငွေပြန်အမ်းပေးဖို့ ပရိသတ်အချို့ကလည်း ပြောနေကြပါတယ်။

“ရိုင်ယန်ဂစ်တို့ ဘာဘာတော့ဗ်တို့နဲ့ တွေ့ချင်လို့ Watch Party ကို ၁၀ သိန်း ပေးဝယ်ထားရတာလေ။ အခု သူတို့ ၂ ယောက် မပါတော့ ဘယ်တန်တော့မလဲ။ ဖေဘီယိုက ဂန္တဝင် ကစားသမားမှ မဟုတ်တာ” လို့ လက်မှတ် ဝယ်ယူထားသူတစ်ဦးက ရေးသား ဖော်ပြထားပါတယ်။

မန်ယူ ဂန္တဝင် ကစားသမားတွေ လာမယ့် ခရီးစဉ်အတွက် အထူး ပက်ကေ့စ်ဆိုပြီး လက်မှတ်တစ်စောင် သိန်း ၂၀၀ အထိ သတ်မှတ်ခဲ့သလို၊ ပုံမှန် လက်မှတ်အနေနဲ့ ၁၀ သိန်းကျပ်၊ ၁၅ သိန်းကျပ်အထိ သတ်မှတ် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်မှတ် ဝယ်ယူထားသူတွေက ပွဲစီစဉ်သူတွေကို ပြစ်တင် ဝေဖန်နေကြပါတယ်။

မန်ယူ ဂန္တဝင် ကစားသမားတွေကို တစ်သက်လုံး မြန်မာနိုင်ငံကို မလာစေချင်တာ မဟုတ်ကြောင်းနဲ့ နိုင်ငံ ပြန်လည် အေးချမ်းမှသာ လာရောက်စေလိုကြောင်း “မန်ယူနိုင်တိုင်း ထောက်ပို့မယ်” အဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

“မန်ယူ ကစားသမားတွေကို တစ်သက်လုံး မြန်မာနိုင်ငံ မလာစေချင်တာ မဟုတ်ဘူး။ စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို နေ့စဉ် ဗုံးကြဲ သတ်ဖြတ်နေတဲ့ ဒီလို ကာလအတွင်းမှာ စစ်တပ်ရဲ့ ဝါဒဖြန့် အသုံးချခံအဖြစ်နဲ့ မြန်မာနိုင်ငံကို မလာစေချင်တာပါ။ အာဏာသိမ်း စစ်အုပ်စု မရှိတော့ဘဲ နိုင်ငံ အေးချမ်းသွားတဲ့အချိန်မှ မြန်မာပြည်ကို လာစေချင်ပါတယ်။ အဲ့အချိန် လာခဲ့မယ်ဆိုရင် ဒီ့ထက်ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ ကြိုဆိုခံရမှာလည်း သေချာပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်နှင့် ခြေစမ်းကစားမည့် ASEAN-All Stars အသင်းတွင် ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင် ရွေးချယ်ခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ (ဧပြီ ၁၇)တွင် သတင်းထုတ်ပြန်သည်။

သတင်း

အင်္ဂလန် ပရီးမီးယားလိဒ်က နာမည်ကျော်ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်က ငလျင်ဒဏ်ခံရတဲ့ မြန်မာပြည်သူတွေကို ဆုတောင်းပေးလိုက်ပါတယ်။

Facebook