နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲ တစ်ခုမှာ ပုပ်ရဟန်းမင်းကြီး တစ်ပါးက ပထမဆုံးအကြိမ်အဖြစ် မဲပေးတဲ့ သမိုင်းကို ပုပ်လီယို ၁၄ က ရေးထိုးလိုက်ပါတယ်။
အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် သက်တမ်းဝက် (ကြားကာလ) ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးခဲ့တာ ဖြစ်ပါတယ်။ မှတ်တမ်းတွေ အရတော့ ခေတ်သစ် ကမ္ဘာ့နိုင်ငံရေး သမိုင်းမှာတော့ ဒါဟာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ဖြစ်သူ ပုပ်ရဟန်းမင်း တစ်ပါးက နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ပထမဆုံးအကြိမ် မဲပေးမှု ဖြစ်လာပါတယ်။
ချီကာဂိုဖွား ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန် နိုင်ငံသား တစ်ဦးရဲ့ အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြောင်း၊ ပြီးတော့ ပုပ်ရဟန်းမင်းကြီးဟာ ဒီမိုကရေစီ လုပ်ငန်းဆောင်တာ တစ်ခုမှာ ပါဝင်တာဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်လို့ ခံယူထားကြောင်း ပုပ်ရဟန်းမင်း စိုးစံရာ ဗာတီကန် နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။
နှစ်ဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ပုပ်လီယိုတို့ကြားမှာ လူသိရှင်ကြား အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ရွှေ့ပြောင်း အခြေချသူတွေကို ရက်ရက်စက်စက် ဖြိုခွင်းတဲ့ အမေရိကန် အစိုးရ မူဝါဒတွေ၊ အီရန်စစ်ပွဲ ဆင်နွှဲခဲ့တာတွေကို ဝေဖန်ခဲ့တဲ့နောက် ထရမ့်က ပုပ်လီယိုဟာ ဒုစရိုက်မှုတွေနဲ့ ပတ်သက်ရင် စိတ်ပျော့ပြီး နိုင်ငံခြားရေး မူဝါဒပိုင်းမှာ နားလည်သဘောပေါက်မှု ဆိုးရွားညံ့ဖျင်းလွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကတော့ သူဟာ ထရမ့်ကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဧပြီလမှာလည်း ထရမ့်က အီရန်ကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေချိန်မှာ ပုပ်လီယိုက ငြိမ်းချမ်းရေးအတွက် လူတိုင်းက ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ စွမ်းသမျှ ကူညီပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။
အောက်တိုဘာ ၃၀ မှာတော့ ပုပ်ဟာ အမေရိကန် ရွေးကောက်ပွဲအတွက် စာတိုက်ကနေ ကြိုတင်မဲ ပေးပို့ခဲ့ကြောင်း ဗာတီကန်က အတည်ပြုခဲ့ပါတယ်။ လက်ရှိ အချိန်ထိတော့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးထားတဲ့ မဲဆန္ဒရှင် ဦးရေဟာ ၄၆ သန်းကျော်ထိ ရှိနေပြီဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ တစ်ခုမှာ ကြိုတင်မဲ အရေအတွက် အများဆုံး စံချိန်သစ်လည်း ဖြစ်လာခဲ့ပါတယ်။
ကိုးကား: AFP





















































