အောက်တိုဘာ ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်က ပြည်သူ့စစ်အဖွဲ့တွေကို တိုက်ပွဲတွေရဲ့ ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ပေးပြီး အသုံးချတိုက်ခိုက်ခိုင်းနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသမှာ စစ်တပ်ရဲ့လက်အောက်ခံ ပြည်သူ့စစ်တွေဖြစ်တဲ့ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ် ပြည်သူ့စစ်၊ စခုံတိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့တွေကို တိုက်ပွဲရဲ့ ရှေ့တန်းစစ်မျက်နှာမှာ ထားရှိ စစ်ကြောင်းထိုးနေတယ်ဆိုတဲ့ ဒေသခံအချို့ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက အခုလို ရှင်းပြတာပါ။
အဲဒီလို ပြည်သူ့စစ်တွေကို ရှေတန်းထား တိုက်ခိုက်ခိုင်းတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေကို ရှေ့တန်းက တိုက်ပွဲဆင်နွှဲတာထက် ဌာနေ ဒေသခံ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ခိုင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါကြောင့် ပူတာအိုနဲ့ ခေါင်လန်ဖူးဒေသဘက်မှာ မင်းဇေသန့် ပြည်သူ့စစ်တို့၊ ဇခုံတိန့်ယိန်း ပြည်သူ့စစ်၊ တန်ဂူးတန် ပြည်သူ့စစ်အပါအဝင် ကချင်ပြည်နယ်မှာ ရှိရှိသမျှ ပြည်သူ့စစ်တွေကို တိုက်ပွဲရဲ့ ရှေ့တန်းကနေ တာဝန်ယူခိုင်းတဲ့ ပုံစံမျိုးတွေ့ရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
” ရှေ့တန်းဘက်ကို စစ်ကြောင်းထိုးခိုင်းတယ်လို့ ပြောရမှာပေါ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်-စစ်ကိုင်းအစပ်ဒေသမှာဆိုရင်လည်း စစ်ကောင်စီတပ်ဟာ SNA အမည်ခံ ရှမ်းနီတပ်ဖွဲ့ကို အသုံးချပြီး စစ်ရေးဖော်ဆောင်နေလို့ လတ်တလောမှာ KIA ပူးပေါင်းတပ်နဲ့ စစ်တပ်၊ SNA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
KIA ပူးပေါင်းတပ်ဟာ စစ်ကိုင်း -ကချင်အစပ် ဟုမ္မလင်းမြို့နယ်တွေက SNA ပူးပေါင်းတပ်စခန်းတွေကို အခုရက်ပိုင်းအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာတွေလည်းရှိပါတယ်။
ဟုမ္မလင်းမြို့နယ် တောင်ဦး၊ ရေဇလောက်၊ရေပေါ်မီး ကျေးရွာတွေမှာတပ်စွဲထားတဲ့ SNA တပ်စခန်းတွေကို အောက်တိုဘာနောက်ဆုံးပတ်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တောင်ဦးရွာနဲ့ SNA စခန်းကတော့ လွန်ခဲ့တဲ့ အပတ်က ရတာ။ ဒီနေ့ရတာ ရေဇလောက်နဲ့ ရေပေါ်မီးစခန်းပေါ့။ အခုကတော့ ဟုမ္မလင်းနဲ့ တော်တော်နီးကပ်လာပြီ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာအတွင်းမှာ SNA ပြည်သူ့စစ်တွေဟာ မိုးညှင်းမြို့နယ် နမ့်မွန်းရွာက ခရစ်ယာန်ဘုရားကျောင်းမှာ စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီးနောက် KIA ဟာ ဖားကန့်နဲ့ ဟုမ္မလင်းနဲ့ မိုးညှင်းဒေသက SNA တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စခန်းတွေ တခုပြီးတခု သိမ်းရခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။
KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း စစ်တပ်ဟာတိုင်းရင်းသားအချင်းချင်း သွေးခွဲဖို့ SNA ရှမ်းနီတပ်ကို စစ်ရေးဖော်ဆောင်ခိုင်းနေကြောင်း ပြောကြားထားပြီး အဲဒီလိုသွေးခွဲတာကို သတိထားဖို့ KIA ဘက်က ပြောကြားထားပါတယ်။





















































