ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာပါဝင်ပြီး လေယာဉ်တင် သင်္ဘောပေါ်မှာ အခြေစိုက်ဖို့ စီစဉ်ထားတဲ့ ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေး ဒရုန်းတစ်စီးကို ကမ်းတက်ချေမှုန်းရေး ရေယာဉ်ပေါ်ကနေ ပထမဆုံးအကြိမ် အတက်အဆင်း အောင်အောင်မြင်မြင် ပြုလုပ်နိုင်စေခဲ့ကြောင်း တရုတ်က ထုတ်ပြန်ခဲ့ပါတယ်။
GJ-21 ဒရုန်းဟာ ဆီချွမ် စစ်ရေယာဉ်ပေါ်ကနေ ပျံတက်ခဲ့ပြီး ပြန်လည် ဆင်းသက်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက အောက်တိုဘာ ၃၀ မှာ ဖော်ပြခဲ့ပါတယ်။ ဆီချွမ်ဟာ တရုတ်ရေတပ်ရဲ့ Type 076 အမျိုးအစား ကမ်းတက်ချေမှုန်းရေး ရေယာဉ်အသစ်တွေထဲမှာ ပထမဆုံး တည်ဆောက်ပြီးစီးထားတဲ့ တစ်စီးဖြစ်ပါတယ်။
ဆီချွမ်ရဲ့ ဒီဇိုင်းပိုင်းက လေယာဉ်တင် သင်္ဘောတွေလို ဝမ်းပြားကိုယ်ထည်ရှိပြီး ဒရုန်းအခြေစိုက် ရေပြင် စစ်ဆင်ရေး ကွပ်ကဲမှု ရေယာဉ်အဖြစ် တာဝန်ယူဖို့ ရည်ရွယ်ထားဟန် ရှိပါတယ်။ ဆီချွမ် သင်္ဘောပေါ်မှာ GJ-21ကို အတက်အဆင်း ပြုလုပ်ဖို့ စမ်းသပ် အောင်မြင်ခဲ့တာက တရုတ်ဟာ နိုင်ငံရဲ့ စစ်ရေးနည်းပညာ အရှိန်မြှင့်မှုတွေမှာ ဒရုန်းတွေရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နေကြောင်း ပိုမို ထင်ရှား မြင်သာလာစေပါတယ်။
အောက်တိုဘာ လကုန်ပိုင်းက ဆီချွမ်ရဲ့ ပင်လယ်ပြင် စမ်းသပ်မှု တစ်ခုအတွင်း GJ-21 ဒရုန်းရဲ့ လက်တွေ့ အတက်အဆင်း ပြုလုပ်မှုကို စမ်းသပ် အောင်မြင်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့ ကုန်းရေနှစ်တန် ယှဉ်တွဲ တိုက်ခိုက်မှု အစီအမံအတွက် အရေးပါတဲ့ ခြေလှမ်းသစ် တစ်ခုလို့ ရှင်ဟွာက ညွှန်းဆိုခဲ့ပါတယ်။

Public Service Announcement
အရွယ်အစား ကြီးမားပြီး တောင်ပံတပ် (fixed-wing) ကိုယ်ပျောက် ဒရုန်းတွေကို ရေတပ်က ပိုမို ကိုင်တွယ်လာနိုင်တာဟာ စစ်ဆင်ရေး စွမ်းရည်အတွက် ကြီးမားတဲ့ တိုးတက်ဖြစ်ထွန်းမှု တစ်ခုလို့လည်း ရှင်ဟွာက ဖော်ပြသွားပါတယ်။
J-35နဲ့ J-20တို့လို ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ ယှဉ်ရင် ကိုယ်ထည်က သိသိသာသာ သေးငယ်ပေမယ့် CJ-21ဟာ စစ်ဆင်ရေး တာဝန် ထမ်းဆောင်မှု အကွာအဝေး အများကြီး ဖြန့်ကျက်နိုင်စွမ်း ရှိတယ်လို့ တရုတ် အစိုးရပိုင် Global Times သတင်းစာက အောက်တိုဘာ ၃၀ မှာ ရေးသားထားခဲ့ပါတယ်။
GJ-21ဟာ ထုတ်လုပ်မှုစရိတ် နည်းပါးပြီး အကြိမ်ကြိမ် ပြန်လည် အသုံးပြုလို့ရကြောင်း၊ တန်ဖိုးနည်း လေဟုန်ခွင်းဗုံး အသေးစားတွေကိုလည်း ပစ်လွှတ်ပြီး တိုက်ခိုက်နိုင်ကြောင်း Global Timesက ဆိုပါတယ်။
ဆီချွမ်စစ်ရေယာဉ်ကိုတော့ တရုတ်ရေတပ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် တပ်တော်ဝင်စေခဲ့ပါတယ်။ အဲဒီ ရေယာဉ်ပေါ်မှာတော့ ဒရုန်းတွေကို ပစ်လွှတ်ဖို့နဲ့ ဖမ်းယူဖို့အတွက် လျှပ်စစ်သံလိုက် လောက်လွှဲ စနစ် တပ်ဆင်ထားပါတယ်။ ရေယာဉ်ပေါ်မှာ ဒရုန်းတွေသာ မကဘဲ ရဟတ်ယာဉ်တွေနဲ့ ကမ်းတက် တိုက်ခိုက်ရေး ရေယာဉ်တွေပါ အခြေစိုက်နိုင်ပါတယ်။
ကိုးကား: Reuters





















































