အောက်တိုဘာ-၃၁ ၊၂၀၂၆။ဖိုးသား/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးမပေါ် တက်ဖို့ နေ့စဉ် ကြိုးပမ်းနေပေမယ့် ထိခိုက်သေဆုံးမှုများနေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
မင်းတုန်းဒေသအနောက်ခြမ်း ရိုးခြေကျေးရွာတွေကနေ စစ်ကြောင်း ၃ခုနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပူးပေါင်းခုခံနေတယ်လို့ ဆိုပါတယ်။
“စခတွေဘက်က တက်ဖို့ နေ့စဥ် ကြိုးစားနေတယ်။ပူးပေါင်းအဖွဲ့ရဲ့ ခုခံမူတွေကြောင့် မတက်နိုင်ဘူး”လို့ မြေပြင်သတင်းရင်းမြစ်က လက်ရှိမင်းတုန်းအနောက်ခြမ်း စစ်ရေးအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement
ရခိုင်ရိုးမပေါ်ကို ခြေကုပ်ရယူဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုမျိုးစုံ အသုံးပြုနေတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
“လက်နက်ကြီး၊ ဒရုန်း ၊ ဂျက်ဖိုက်တာ၊ ပါရာမော်တာတွေ အစုံသုံးတယ်။နေ့တိုင်းနီးပါးကို ကြဲနေတာ”လို့ သူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းအများအပြားကို အသုံးပြုကာ အသေခံတက်ခိုင်းနေပေမယ့် ထိတွေ့မှုတွေတိုင်းမှာ သေဆုံးသူများနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်၊ ကုတ်မြို့ကို ပြန်သိမ်းဖို့ အနီးဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က ၀င်ရောက်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးစပ်ဆုံးနေရာတွေဖြစ်တဲ့ ပြောင်း၊ထန်းပင်ကုန်း၊ဖြူကန်၊ထိန်ကိုင်း နဲ့ တမာကျေးရွာတွေမှာ စစ်တပ်က အနည်ဆုံး အင်အား နှစ်ထောင်၀န်းကျင်နဲ့ တပ်စွဲ ဖြန့်ကျက်ထားတယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။
အဲဒီအင်အားတွေကို တပ်မ(၅၅)က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်း ဦးစီးပြီး ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း ထွက် ပြေးသူ၊ထိခိုက်သူ နဲ့သေဆုံးသူများတာကြောင့် ဩဂုတ်လ နောက်ဆုံးပတ်မှာ စစ်တပ်က နောက်ထပ်စစ်ကူ တွေ ထပ်ပို့ခဲ့တာတွေရှိခဲ့ပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။





















































