အိန္ဒိယနိုင်ငံရဲ့ ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်ရာ ကုန်းမြင့်ဒေသ တစ်ခုမှာ ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးသွားပါတယ်။
အစောပိုင်းတုန်းက ရဟတ်ယာဉ် ပျောက်ဆုံးပြီး လူ ၆ ဦး အသက်ဆုံးရှုံးနိုင်ခြေ ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် နောက်တော့ ကယ်ဆယ်ရေး အဖွဲ့တွေက တောင်စောင်းတစ်နေရာမှာ ပြန့်ကြဲနေတဲ့ ရဟတ်ယာဉ်ပျက် အစိတ်အပိုင်းတွေကို ရှာတွေ့ခဲ့သလို အားလုံး သေဆုံးသွားပြီ ဆိုတာကို အတည်ပြုခဲ့ပါတယ်။
ရဟတ်ယာဉ်ဟာ အောက်တိုဘာ ၃၀ ရက်နေ့တုန်းက အတ္တာရက်ခန်ပြည်နယ်၊ ဂျိုရှီမက်သ် မြို့နားက ချေယီး ကျေးရွာနားက တောင်စောင်းမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။
ပြည်နယ် ဝန်ကြီးချုပ် ပူရှ်ကာ ဆင်း ဒါမီက ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင်း လုပ်ဆောင်ခဲ့တဲ့နောက် လေယာဉ်မှူး အပါအဝင် လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးခဲ့တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement
ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးစီးခဲ့သူ တစ်ဦးကလည်း သေဆုံးသူ ၆ ဦးစလုံးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တဲ့နောက် နီးစပ်ရာ ဆေးရုံဆီ ပို့ဆောင်ပြီး ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ဖို့ စတင်လုပ်ဆောင်နေကြောင်း ဆိုပါတယ်။
ပြည်နယ် ဝန်ကြီးချုပ် ဒါမီက သူ့ရဲ့ အစိုးရဟာ ရဟတ်ယာဉ် ပျက်ကျသွားတယ် ဆိုတာကို ကြားသိချိန် ကတည်းက တောက်လျှောက် သတင်းနားစွင့်နေပြီး လိုအပ်တဲ့ မြေပြင် ကွပ်ကဲမှုတွေအတွက်လည်း ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့ကြောင်း ပြောပါတယ်။
ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ရာသီဥတုကြောင့် မြင်ကွင်း မရှင်းလင်းတာ၊ ကုန်းမြေ အခြေအနေက မတ်စောက် ကြမ်းတမ်းတာတွေကြောင့် အစောပိုင်းမှာ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုတွေအတွက် အတော်လေး အခက်ကြုံခဲ့ရပါသေးတယ်။
ရဟတ်ယာဉ် မပျက်ကျခင်မှာ အဲဒီဧရိယာ တဝိုက်ကို မိုးကြိုးမုန်တိုင်း၊ မိုးသီးကြွေမှု၊ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်နိုင်ခြေအတွက် အိန္ဒိယ မိုးလေဝသ ဌာနက လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန် ကြေညာထားခဲ့ပါသေးတယ်။
အိန္ဒိယ မီဒီယာတွေရဲ့ ဖော်ပြမှု အရတော့ ရဟတ်ယာဉ် ပျက်ကျမှုမှာ သေဆုံးခဲ့တဲ့ ခရီးသည် ၅ ဦးဟာ ဘုရားဖူး ဧည့်သည်တွေ ဖြစ်တယ်လို့ သိရပါတယ်။ အတ္တာရက်ခန်ပြည်နယ်ဟာ အိန္ဒိယရဲ့ အရေးအပါဆုံး ဟိန္ဒူဘာသာရေး ဝတ်ပြုနယ်မြေတွေ တည်ရှိနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ကိုးကား: BBC





















































