အောက်တိုဘာ ၃၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မုံရွာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကို အင်အားအများအပြားနဲ့ စစ်ကိုင်းတပ်မ(၃၃)ကို ပို့ဆောင်နေပြီး မုံရွာ-မန္တလေးလမ်းတလျှောက် စစ်တပ်က အင်အားအများအပြားနဲ့ လုံခြုံရေးချထားကြောင်း ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့မှာ ပေါ်တာဆွဲခံလိုက်ရတဲ့ လူငယ်တွေကို ဒီကနေ့ အောက်တိုဘာ ၃၁ ရက် မနက်မှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ကို ပို့ဆောင်ဖို့ အင်အားအပြည့်ပါတဲ့ စစ်ကား (၁၀)စီး၊ ခြောက်ဘီးကား (၄)စီးနဲ့ တွဲကား (၂)စီးပါတဲ့ ယာဥ်တန်းဟာ မုံရွာ-မန္တလေးလမ်းအတိုင်း ထွက်ခွာလာကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ခိုက်ခံရမှာစိုးလို့ မုံရွာ၊ ချောင်းဦး၊ မြင်းမူ၊ စစ်ကိုင်း စတဲ့ မုံရွာ-မန္တလေးလမ်းတလျှောက်မှာ အင်အားသုံး စစ်ကြောင်းထိုးနေပြီးလက်နက်ငယ်တွေပစ်ဖောက်တာ၊ ပြည်သူတွေကို မိုင်းရှင်းခိုင်းတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို အမျိုးသား ဆယ်ချီ ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ သို့ ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“တချို့လူတွေကိုတော့ ငွေယူပြီး ပြန်လွှတ်တယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။





















































