Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းအနောက်ခြမ်း စစ်တပ်စစ်ကြောင်းဆက်ထိုးနေပြီး ကျေးရွာအချို့ မီးရှို့ခံရ

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းဆက်ထိုးနေပြီး ကျေးရွာအချို့ မီးထပ်ရှို့ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

( ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ် ဓါတ်ပုံံ-CJ)

အောက်တိုဘာ-၃၁၊၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းဆက်ထိုးနေပြီး ကျေးရွာအချို့ မီးထပ်ရှို့ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

​စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးနေခဲ့တာပါ။

အောက်တိုဘာ၂၈ ရက် ညနေပိုင်းကတော့ စစ်တပ်စစ်ကြောင်းဟာ ဇီးချောင်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း အခြေချခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှာ တပ်မ (၃၃)က အင်အား ၂၀ ခန့် ထပ်မံဖြည့်တင်းခဲ့ရာ စုစုပေါင်း အင်အား ၆၀ကျော်နဲ့ လှုပ်ရှားနေကြောင်း စစ်ကိုင်းမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ဒီကနေ့ အောက်တိုဘာ ၃၁ ရက် မနက် ၇ နာရီခန့်မှာ အဆိုပါစစ်ကြောင်းဟာ ဇီးချောင်းရွာကတဆင့် နေပူကုန်းရွာနဲ့ ညောင်ကုန်းကျေးရွာတွေကို ဆက်လက်ဝင်ရောက်ခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာ ကံတက်ကျွန်းကျေးရွာဝင်ပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းအဖွဲ့က ပြောပါတယ်။

အဲဒီနောက် ရွှေဘုံသာဘုန်းကြီးကျောင်းရှိ နေအိမ်အချို့ကို ထပ်မံမီးရှို့ပြီးနောက် ကြွယ်လူးရွာ ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်တပ်စွဲထားကြောင်း သိရပါတယ်။

“မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်ကတော့ မသိရသေးပါဘူး။ ငါးထပ်ကြီးအနောက်ဘက်ခြမ်းထိုးနေတဲ့စစ်ကြောင်းထဲက တချို့ကတော့ ပြန်ဝင်ကုန်တာ”လို့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်က စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်လုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

​ငါးထပ်ကြီးဘုရားအနောက်ဘက်ခြမ်း၊ အနောက်တာကျေးရွာတွေကို အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ Mi-35 ရဟတ်ယာဉ်နဲ့ ၂ ရက်ဆက် ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ စေတီပုထိုးတွေနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီးနွားအချို့ပါ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ရွှေလှေကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဟာ အချိန်မရွေး ထပ်မံစစ်ကြောင်းထိုးနိုင်တာကြောင့် အနီးဝန်းကျင်ရှိ ပြည်သူတွေ အထူးသတိပြု သွားလာနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ