Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်စာသင်‌ကျောင်း စစ်တပ် ဗုံးကြဲ၊ ကလေးငယ် ၈ ဦးထက်မနည်း ထိခိုက်သေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စာသင်‌ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ကလေးငယ် ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

(လွိုင်ကော်မြို့နယ်ရှေ့ခြမ်းက ဝမ်ငေါ့စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

အောက်တိုဘာ-၃၁၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စာသင်‌ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ကလေးငယ် ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဒီကနေ့(အောက်တိုဘာ ၃၁ရက်) နေ့လယ် ၂နာရီ၀န်းကျင်မှာ လွိုင်ကော်မြို့နယ်ရှေ့ခြမ်း ဝမ်ငေါ့စစ်ရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာ ၊ Y12 အစရှိတဲ့ လေယာဉ်တွေနဲ့ ဗုံးတွေ ပတ်ကြဲခဲ့တာလို့ ဒေသခံနဲ့ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)တာ၀န်ရှိသူတချို့က ပြောပါတယ်။

သေဆုံးခဲ့တဲ့ကလေးငယ်တွေမှာ ၃ တန်းအရွယ် ကျောင်းသား ၁ဦး ၊၅ တန်း နဲ့ ၇ တန်းကျောင်းသူ တို့ပါ၀င်ခဲ့ပြီး ၉ နှစ်သား မောင်ဌေးရယ်က ဦးခေါင်းထိခိုက်ဒဏ်ရာ တွေနဲ့ စိုးရိမ်နေရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် (၁၂)နှစ်အရွယ် မရွှေမေ၊ (၁၃)နှစ် သမီး မဂျိုးစဖင်း ၊(၁၅)နှစ်အရွယ် မဖြူဖြူလင်း နဲ့ မချယ်ရီဝင်းတို့လည်း ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ စစ်ရှောင်ကူညီသူတွေရဲ့အချက်အလက်တွေကတဆင့် တွေ့ရပါတယ်။

“ဒီနေရာက ကလေးတွေကျောင်းတက်တယ်။ကလေးတွေရှိတဲ့နေရာဖြစ်တယ်။နောက်ပြီးတော့မှ မတော်တဆ ဖြစ်တာလည်းမဟုတ်ဘူး။အကြိမ်ပေါင်းများစွာ ဂျက်ဖိုက်တာ ၁စီး၊Y 12 ၁စီးနဲ့ လှည့်ပတ်ပြီးတော့ ဗုံးကြဲတယ်။ ဒါက တမင်တကာ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ ဟာဖြစ်တယ်။စစ်ရာဇ၀တ်မှုလည်း‌ မြောက်တယ်။ခွင့်လွှတ်နာလည်းပေးလို့ရတဲ့ ကိစ္စရပ် မဟုတ်ဘူး”လို့ IEC တွဲဖက် အတွင်းရေးမှူးဦးဗညားက ပြောပါတယ်။

လူသားမျိုး‌နွယ်အပေါ် စစ်တပ်ရဲ့သတ်ဖြတ်မှုတွေမှာ ပါ၀င်သူအားလုံးကို အရေးယူနိုင်ရေးနဲ့ တရားမျှတမှုရရှိရေး အတွက် ဆောင်ရွက်သွားမယ်လို့ သူက အသိပေးပါတယ်။

“ကျောင်းလွယ်အိတ်လွတ်လျက် သွေးအိုင်ထဲ သေဆုံးနေရတဲ့ ကလေးတွေရဲ့ ပုံရိပ်ကြီးက စိတ်အတော် မကောင်းဖြစ်ရတယ်ဗျာ။တောထဲ စစ်ရှောင်ရင်း ကျောင်းတက်နေရတဲ့ကလေးတွေကို လေယာဉ်နဲ့ဗုံးကြဲ သတ်ဖြတ်ရက်တဲ့ စကစအကြမ်းဖက်တွေရဲ့ လုပ်ရပ်က ပြောစရာစကားလုံးတွေ မရှိတော့ဘူး”လို့ ကရင်နီပြည်နယ် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်အပါအ၀င် ၁လကျော်အတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီးဒေသမှာ ကလေးငယ်တွေအပါအ၀င် အရပ်သား ၃၀ကျော် ထိခိုက်သေဆုံးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း မိဘမဲ့ကျောင်းကို အသေခံဒရုန်းတွေနဲ့ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၂ ဦးထိခိုက်ခဲ့ပါတယ်။

စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့်ရှေ့မတိုးနိုင်ဘဲ ရှမ်း-ကရင်နီနယ်စပ်အပါအ၀င် ဒီးမော့ဆို၊လွိုင်ကော်မြို့နယ် နေရာတချို့က အရပ်သားနေထိုင်ရာနေရာတွေကိုပါ ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း မကြာခဏ ရှိနေပါတယ်။

ဆက်စပ်သတင်းများ