အောက်တိုဘာ-၃၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့အရှေ့ဘက် ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်ကျန်တွေအားလုံးကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပြီး စစ်သုံ့ပန်းဆယ်နဲ့ချီ ဖမ်းဆီးရမိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ငပြီကျွန်းပေါ်မှာ စစ်တပ်နဲ့ AA နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့အောက်တိုဘာ၂၆ ရက်နေ့မှာ စစ် သားအားလုံးနီးပါး လက်နက်ချခဲ့ကြပြီး ၂၉ ရက်နေ့မှာတော့ လက်ကျန်စစ်တပ်အားလုံးကိုပါAA ကရှင်းလင်းတိုက်ခိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
“စစ်ကောင်စီကင်းစင်သွားပြီ။ ကျွန်းပေါ်မှာမရှိတော့ဘူး။ကိုယ့်ဘက်အပြည့်အ၀ထိန်းချုပ်ထားပါတယ်။ကမ်းကပ် ဖို့ ကြိုးစားတဲ့ကောင်တွေကိုလည်း မကပ်နိုင်အောင် တားနေပါတယ်။ကျွန်းပေါ်မှာရော၊ကမ်းစပ်မှာရော တိုက်ပွဲတွေကမရှိတော့ဘူး”လို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာပြီးခဲ့တဲ့အောက်တိုဘာ၇ရက်နေ့ကတည်းကကြည်း၊ရေ၊လေအင်အားအလုံးအရင်းသုံးကာ ကမ်းတက်ခဲ့ရာ စစ်သားဆယ်ချီ ကမ်းတက်နိုင်ခဲ့ပြီး အဲဒီစစ်တပ်ကို AA ကသုံးပတ်ကြာတိုက်ခိုက်ပြီးနောက်မှာငပြီ ကျွန်း တခုလုံးကို အပြီးပြတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ကငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့်ခြေကုတ်ယူနိုင်ခြင်းမရှိတဲ့စစ်တပ်ဟာငပြီ ကျွန်းပေါ်နဲ့ ပေါက်တောမြို့နယ်အတွင်းကအနီးဝန်းကျင်လူနေကျေးရွာတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပြီး နေအိမ်အများအပြား ပျက်စီးကာ ကျွဲ၊ နွားတိရိစ္ဆာန်တွေလည်း သေဆုံးနေကြရတယ်လို့ဆိုပါတယ်။
“ငပြီကျွန်းသိမ်းတဲ့နေ့က တရက်လုံး လေယာဉ်အစီးတဆယ်ကျော်နဲ့ ကြဲတယ်။မနေ့ကနဲ့ ဒီနေ့လည်းဆက်တိုက်ဗုံးကြဲနေတုန်းပဲ၊ငပြီကျွန်းပေါ်ကမီးခိုတွေထွက်တာမြင်ရတယ်။ ရွာ(ငပြီကျွန်း)မှာ အိမ်တွေတော်တော်မီး လောင်သွားပြီလို့သိရတယ်”လို့ပေါက်တောမြို့နယ်ဘက်မှမျက်မြင်ဒေသခံတဦးကပြောပါတယ်။
စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီအင်အားထောင်ကျော်သုံးပြီးထိုးစစ်ဆင်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ သူတို့စခန်းတွေပဲ လက်လွှတ်နေခဲ့ရတဲ့ စစ်တပ်ဟာ စစ်တွေမြို့အရှေ့ဘက် ကုလား တန်မြစ်လယ်ရှိ ငပြီကျွန်းပေါ် အင်အားအလုံးအရင်းနဲ့ ကမ်းတက်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက်ကုလားတန်မြစ်လယ်ကျွန်း(ငပြီကျွန်း)ကို ထောက်ပို့လေယာဉ် Y12 ၊ တိုက် လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး ကမ်းတက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ နောက် ကျွန်းပေါ်တိုက်ပွဲအတွင်း အထိနာတာကြောင့် အောက်တိုဘာ ၁၇ ရက်ကစကာ ဒုတိယအကြိမ် ကမ်းထပ် တက်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ကမ်းထပ်တက်၊ စစ်ကူမပို့နိုင်ခဲ့ပါဘူး။
စစ်တပ်ရဲ့ငပြီကျွန်းကမ်းတက်တိုက်ပွဲအတွင်း စစ်တပ်ဘက်ကစစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ဝန်းကျင် အရှင်ဖမ်းဆီးခံရကာအခုအခါမှာတော့ငပြီကျွန်းပေါ်ရှိ လက်ကျန်တပ်တွေအားလုံးပါ သိမ်းပိုက်ခံလိုက်ရတာဖြစ် ပါတယ်။
ဒါ့အပြင် ငပြီကျွန်းတိုက်ပွဲအတွင်း ကျွန်းပေါ် ကမ်းတက်ဖို့ ကြိုးစားတဲ့ စစ်တပ်ရဲ့ သင်္ဘော ၂ စီးနဲ့ စစ်တွေမြို့အ နီး လုံခြုံရေးယူထားတဲ့ စစ်သင်္ဘော ၃ စီး၊ စုစုပေါင်း စစ်သင်္ဘော ၅ စီးဟာလည်း AA ရဲ့တိုက်ခိုက်မှုကြောင့် ထိမှန် ပျက်စီးခဲ့ရပါသေးတယ်။သင်္ဘော ၅ စီးထဲက Frigate(ဖျက်သင်္ဘော)တစီးအပါဝင်၂ စီးဟာ နစ်မြုပ်သွားခဲ့ပြီးကျန် ၃ စီးကတော့ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့ အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေတပ်ရဲ့အရှေ့ဘက်တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး ဧတုရန်းဧကလေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။
AA ဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ) အပါအဝင် အခြေစိုက် တပ်ရင်း၊ တပ်စခန်း တွေကို အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်တို့ကနေ ဝန်းရံပိတ် ဆို့ကာ တိုက်ခိုက်နေပြီး လက်ရှိမှာ စစ်တွေမြို့အနောက်ဘက်ရှိ ရေချမ်းပြင်၊ စစ်တွေမြို့မြောက်ဘက် ပါဒလိတ်တပ်ရင်းအနီးရှိ အမြင့်ကျွန်း၊ ကြွီတဲရွာဝန်းကျင်တို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာနှစ်လနီးပါးကျော်ရှိပြီ ဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီ ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။





















































