Connect with us

Hi, what are you looking for?

ဆောင်းပါး

ယောနယ်မှာ ကဗျည်းတင်ခဲ့တဲ့ PDF သားအဖနှစ်ဦး

သားဖြစ်သူအတွက် စစ်တပ်စခန်းကို PDF တပ်သားဖခင်တစ်ဦးက သီတင်းကျွတ်လပြည့်နေ့မှာ တစ်ယောက်တည်း ဝင်တိုက်ခဲ့

  • ကဖေး/People’s Spring

ကရင်တိုင်းရင်းသားကြီး ဖထီးတစ်ယောက် ယောနယ်တစ်နေရာက စစ်တပ်စခန်းကို တစ်ကိုယ်တော် ဝင်ရောက်တိုက်ခိုက်ဖို့အထိ ဘယ်အရာတွေက စေ့ဆော်ခဲ့ပါသလဲ။

ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်း (၃) က အသက် ၅၄ နှစ်အရွယ် ကရင်တိုင်းရင်းသား ရဲဘော်ကြီး ဖထီးဟာ သူ့ရွာထဲမှာ လာပြီး တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို သီတင်းကျွတ်လပြည့်နေ့မှာ တစ်ကိုယ်တော် ဝင်တိုက်ခိုက်ခဲ့ပြီး ကျဆုံးခဲ့ပါတယ်။ ယောနယ်ရဲ့ လပြည့်ညဟာ မှောင်မိုက်သွားခဲ့ပါတယ်။ စစ်တပ်ဘက်က သေဆုံးထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရပါဘူး။

ဖထီးဟာ သူသိပ်ချစ်တဲ့ ၂ နှစ်ကျော်အရွယ် သမီးလေးဖိုးမူ၊ ဇနီးသည်ဒေးမူ၊ တိုက်ပွဲမှာ ကျသွားတဲ့ သားကြီးဖိုးခွားအတွက် နာကျည်းခံပြင်းစိတ်တွေအပြင် သူတန်ဖိုးထားတဲ့ တော်လှန်ရေးနဲ့ ရဲဘော်တွေကိုပါ နှုတ်ဆက်သွားခဲ့ရရှာပါတယ်။

“ပါးပါးကို အချစ်ဆုံး” လို့ မပီကလာပီကလာ ပြောတတ်တဲ့ လူမမယ်သမီးလေးကြောင့်ပဲ မြို့ရိုးတံတိုင်းတစ်ခုလို ကာလအတန်ကြာ တင်းခံထားတဲ့ တော်လှန်ရေးသမားကြီး ဖထီးရဲ့ စိတ်ဓာတ်ခံနိုင်ရည်ဟာ သီတင်းကျွတ်လပြည့်နေ့မှာ အပိုင်းပိုင်းပြိုကျသွားခဲ့ရတာပါ။ သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းက ရွာထဲကနေ ထွက်ပေါ်လာတဲ့ သေနတ်သံတွေဟာ ဖထီးတစ်ကိုယ်တော် ဖော်ဆောင်တဲ့ တိုက်ပွဲဖြစ်မှန်း သိပေမဲ့ အဆုံးသတ်မှာတော့ အရာရာ နောက်ကျခဲ့ရပြီလို့ ဇနီးသည် ဒေးမူက ဖွင့်ဟပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်ရပ်မှန် ဒီဇာတ်လမ်းဟာ စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့တဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလက အစပျိုးခဲ့တာပါ။

၂၀၂၁ နွေဦးမတိုင်မီကအထိ ဖထီးနဲ့ သူ့ချစ်ဇနီးဒေးမူ၊ သူ့သားပျို ဖိုးခွားတို့ဟာ သူတို့သိပ်ချစ်တဲ့ သစ်ဆွဲဆင်ကြီးနဲ့အတူ ယောနယ်တစ်နေရာမှာ ပျော်စရာကောင်းတဲ့ တောသူတောင်သားမိသားစုလေးအဖြစ် ရှိနေကြတာပါ။

ယောနယ်သူ ဒေးမူ (ကရင်တိုင်းရင်းသား ဘာသာစကားအရ ညီမဟု အဓိပ္ပာယ်ရပြီး ဖထီးက သူ့ဇနီးကို ခေါ်သောအမည်) နဲ့ အိမ်ထောင်မထူထောင်ခင် ၂၀၀၀ ခုနှစ် ရှေ့ပိုင်းမှာ ဖထီးက ကရင်ပြည်နယ်နဲ့ အခြားဒေသတွေမှာ ကျင်လည်ခဲ့တာပါ။ ဖထီးဘဝဟာ စစ်တိုက်ဖို့ပဲ မွေးဖွားလာသလို ဖြစ်ခဲ့ပါတယ်။ ဖထီးက သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို အိမ်ကနေ ထွက်ပြေးပြီး စစ်တပ်ထဲလည်း ရောက်ခဲ့ဖူးပါသေးတယ်။

လူပျိုပေါက်ဘဝမှာ အိမ်က မိန်းမပေးစားလို့ ထွက်ပြေးရင်း စစ်တပ်ရဲ့ စစ်သားစုဆောင်းခံခဲ့ရပါတယ်။ စစ်တပ်ထဲမှာ ၂ နှစ်ကျော်ကြာခဲ့ပြီး ဦးလေးဖြစ်သူရဲ့ အကူအညီနဲ့ ပြန်ထွက်နိုင်ခဲ့ပါတယ်။ KNU တပ်မဟာ (၅) မှာလည်း ၃ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်ဝန်းကျင်မှာ ဦးလေးဖြစ်သူရဲ့ အစီအစဉ်နဲ့ပဲ ယောနယ်မှာ သစ်ထုတ်လုပ်ရေးအတွက် လာရောက်ရင်း ဒေးမူနဲ့ ဆုံဆည်းလက်ဆက်ခဲ့တာပါ။ ဒီလိုနဲ့ သားနှစ်ဦး မွေးဖွားလာပြီး ကရင်တိုင်းရင်းသားကြီး ဖထီးဟာ ယောနယ်မှာ ပျော်နေခဲ့ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းမှာတော့ လူရိုးကြီး ဖထီးဦးဆောင်တဲ့ မိသားစုဟာ စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲထဲကို ဝင်ခဲ့ကြပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတဲ့ လူငယ်တွေကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းတွေဟာ ဖထီးနဲ့ သူ့ရဲ့ နှလုံးသားကို ဆွဲညှစ်သလို ခံစားရပြီး အမှန်တရားအတွက် တမိသားစုလုံး တိုက်ပွဲဝင်ခဲ့ကြတာလို့ ဒေးမူက ပြောပါတယ်။

“အပြစ်မဲ့လူငယ်တွေ သတ်ဖြတ်ခံရတာ ရင်တွေ တအားနာခဲ့ရတာလေ။ အရမ်းခံစားခဲ့ရတယ်။ ဖထီးက တော်လှန်ရေးအတွက် တစ်ရက်မှ မနားခဲ့ဘူး” လို့ ဒေးမူက ပြန်ပြောပြပါတယ်။

ဖထီးရဲ့ သားကြီး ဖိုးခွားဟာ စစ်တပ်အာဏာမသိမ်းခင်က ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၀ မပြည့်သေးတဲ့ ဖိုးခွားကလည်း ဖြောင့်မတ်တဲ့ လူငယ်ဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းလိုက်တဲ့အခါ အာဏာဖီဆန်ပြီး CDM လုပ်ပါတယ်။ ဖထီးတို့မြို့ရဲ့ ပထမဆုံး CDM ရဲဟာ ဖိုးခွားဖြစ်ပါတယ်။

ဖထီးက ဇာတိရွာမှာ ဒေသကာကွယ်ရေးတပ် ဖွဲ့စည်းလိုက်ပါတယ်။ သားငယ်ဖြစ်သူက တော့ အသက်မပြည့်သေးတဲ့အတွက် တခြားနယ်ကို ပို့ဆောင်ထားခဲ့ပါတယ်။ ဖိုးခွားက ရဲဘော်တွေကို သင်တန်းပေးပါတယ်။ ဖထီးက ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်ပါတယ်။ ဒေးမူက အိမ်ဦးနတ်ဦးဆောင်တဲ့ တော်လှန်ရေးရဲဘော်တွေ လိုအပ်တာမှန်သမျှ နောက်တန်းကနေ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က တပ်ရင်းတပ်ဖွဲ့တွေလည်း စုစည်းတဲ့အခါ ဖထီးတို့ရဲ့ ဒေသကာကွယ်ရေးတပ်ဟာ ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်း (၃) ဖြစ်လာပါတယ်။ ဇရာအရွယ်ကို ရောက်နေပြီဖြစ်တဲ့ ဖထီးက ရဲဘော်အဆင့်နဲ့ပဲ စစ်အာဏာရှင် တော်လှန်ရေးမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံခဲ့ပါတယ်။ ယောနယ်နဲ့ အညာမြေ တစ်ကြောကို တော်လှန်ရေးခရီးကြမ်းအတွက် ခြေဆန့်ခဲ့ပါတယ်။ အညာသား တော်လှန်ရေးရဲဘော်တွေကြားထဲမှာ ကရင်တိုင်းရင်းသားကြီး ဖထီးဟာ လူချစ်လူခင် ပေါများခဲ့ပါတယ်။ ယောနယ်နဲ့ ဆက်စပ်နေတဲ့ ချင်းတောင်ပေါ်က ချင်းကာကွယ်ရေးရဲဘော်တွေကလည်း ဖထီးကို ချစ်ခင်လေးစားကြပါတယ်။

ဖထီးနဲ့ ဒေးမူဟာ ၂၀၂၄ ခုနှစ်ထံမှာ သမီးလေးတစ်ဦး ထပ်မံမွေးဖွားခဲ့ပါတယ်။ သူ့အသက်ကြီးမှ ရလာတဲ့ သမီးလေးမို့ အချစ်ပိုပါတယ်။ ဖိုးမူလို့ ဖထီးက မြတ်မြတ်နိုးနိုး ခေါ်ပါတယ်။ ဆေးပေါ့လိပ်ကြိုက်တဲ့ ဖထီးက တပ်ရင်းကနေ အိမ်ကို ရံဖန်ရံခါ ပြန်ရောက်စဉ် ဆေးလိပ်သောက်တိုင်း “ဖိုးမူရေ၊ ပါးပါးကို အချစ်ကလေး (မီးခြစ်) ပေးပါဦး။ ပါးပါး ဆေးလိပ်သောက်ချင်လို့” ဆိုပြီး သမီးငယ်လေးကို ချစ်ပြတတ်ပါတယ်။ တပ်ရင်းကနေ အိမ်ကို ပြန်မလာဖြစ်သေးရင်လည်း ဖိုးမူအတွက် မုန့်တွေ အမြဲတမ်း လူကြုံပါးတတ်ပါတယ်။

ဖထီးတို့သားအဖတွေဟာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲဝင်ရင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက် (၂၀၂၆၊ ဩဂုတ်လ ၇ ရက်) နေ့မှာတော့ ကံဆိုးမိုးမှောင်ကျခဲ့ပါတယ်။ စစ်ဆင်ရေးတစ်ခုအတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး သားကြီးဖိုးခွား ကျဆုံးခဲ့တာပါ။ ဖထီးဟာ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လောင်းရှည်တိုက်နယ်ဘက်ကနေ ယောနယ်ထဲ ဝင်လာတဲ့ တပ်မ (၉၉) ဦးဆောင်တဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ဆောနယ်စစ်ဆင်ရေးမှာ ဖိုးခွား ကျဆုံးခဲ့တာပါ။ လနဲ့ချီပြီး ကြာခဲ့တဲ့ ဆောနယ်စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှာ သေဆုံးမှုတွေ များပြားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး MA-1၊ MA-3 သေနတ်တွေနဲ့ RPG အပါအဝင် လက်နက်ခဲယမ်းများအပြား လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ခဲ့ပါတယ်။

အိမ်ထောင်ဦးစီးအနေနဲ့ရော၊ လူငယ်တော်လှန်ရေးရဲဘော်တွေရဲ့ အားကိုးသူအဖြစ်နဲ့ပါ ရပ်တည်နေရသူမို့ သူ့ရင်ထဲက နာကြည်းမှုကို တခြားသူ မမြင်အောင် ဖုံးကွယ်နေခဲ့တယ်လို့ ဒေးမူက ပြန်ပြောပြပါတယ်။ ဒီလိုနဲ့ပဲ သီတင်းကျွတ်လပြည့်နေ့ (၂၀၂၆၊ အောက်တိုဘာလ ၂၆ ရက်) ကို ရောက်လာခဲ့ပါတယ်။

ဖထီးက ဝတ်နေကျ အားကစားဘောင်းဘီတိုနဲ့ တီရှပ်အနွမ်းကို ဝတ်ထားရင်း ရွာနဲ့ မလှမ်းမကမ်းက ကင်းစခန်းမှာ ရှိနေပါတယ်။ တော်လှန်ရေးရဲဘော်အချို့က ဖထီးကို လာပြီး ကန်တော့ကြပါတယ်။ ဟိုယခင်နှစ်တွေကဆိုရင်တော့ ဒီလို အခါကြီးရက်ကြီး လာပြီး ကန်တော့သူတွေကြားမှာ သားကြီးဖိုးခွားလည်း ပါခဲ့တာပါ။ သားကြီး ပါမလာတော့တဲ့ ဒီနှစ် သီတင်းကျွတ်လပြည့်နေ့ ကန်တော့ခံနေချိန်မှာ ဖထီးတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ငိုကြွေးနေခဲ့ပါတယ်။ နောက်မိနစ်အနည်းငယ်အကြာမှာတော့ အခြေအနေတွေ ရှုပ်ထွေးကုန်ပါတယ်။

“ဖိုးခွားက အမြဲကန်တော့တယ်လေ။ ဘာမှမပါရင်တောင် လက်အုပ်ကလေးချီ ကန်တော့တာ။ အခုက ဖိုးခွားပါမလာတော့ တရှို့ရှို့နဲ့ ငိုတယ်။ ဝိုင်းဆွဲလည်း မရတော့ဘူး။ ဖိနပ်တွေလည်း ချွတ်ပြီး အရပ်ဝတ်နဲ့ ဂန်းတစ်လက်နဲ့ ထွက်ပြေးပြီး ဝင်ပစ်တာ” လို့ ဒေးမူက ပြောပါတယ်။

ဖထီးနောက်ကို တော်လှန်ရေးရဲဘော်တွေ လိုက်သွားချိန်မှာ ရွာဖက်ကနေ သေနတ်သံတွေ တိတ်ဆိတ်သွားပါပြီ။ နောက်ရက်တွေမှာ ဖထီး ကျဆုံးသွားပြီဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ ရုပ်အလောင်းကိုတော့ ပြန်မရခဲ့ပါဘူး။

ဖထီးတို့သားအဖရဲ့ ဖြောင့်မတ်မှု၊ ရိုးသားမှု၊ တော်လှန်ရေးအပေါ် ထားတဲ့ သစ္စာတရားကို ယောနယ်နဲ့ ပတ်ဝန်းကျင်တနယ်လုံးက တော်လှန်ရေးရဲဘော်တွေက လေးစားကြပါတယ်။

“ဆောမြို့နယ်ရဲ့ တော်လှန်ရေး သမိုင်းမှာ စံပြုထိုက်သော သားအဖ နှစ်ဦး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင် စစ်ဌာနအရာရှိတစ်ဦးက မှတ်တမ်းတင်ထားပါတယ်။

ဖိုးခွားဟာ သင်တန်းဆရာအဖြစ်ရော၊ ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာပါ ရဲဘော်ရဲဘက်များကြားမှာ စံပြုထိုက်တဲ့သူ တစ်ဦးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖထီးကလည်း ဒေသအတွင်း တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှာ လေယာဉ်ဗုံးထိပြီးနောက်ပိုင်း တပ်ရင်းမှာပဲ ထမင်းချက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒါပေမယ့် သားဖြစ်သူ ဖိုးခွား ကျဆုံးပြီးနောက်ပိုင်း ရှေ့တန်းမှာ ပြန်ပြီး တာဝန်ထမ်းဆောင်တဲ့အထိ တော်လှန်ရေးအပေါ် စိတ်အားထက်သန်သူဖြစ်ပါတယ်။

“သူ့သား ကျဆုံးစဉ်က စားဖိုကနေ အပြေးလိုက်လာပြီး သူ့သားမျက်နှာကြည့်ကာ သူ့သားအတွက် ဂုဏ်ယူကြောင်း ကျွန်တော့်ကို အမြဲပဲ ပြောနေခဲ့တယ်” လို့ ဂန့်ဂေါခရိုင် စစ်ဌာနအရာရှိတစ်ဦးက လူမှုကွန်ရက်ပေါ်မှာ အသိအမှတ်ပြု ရေးသားထားပါတယ်။

ဖထီးကို ချစ်ခင်လေးစားတဲ့ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးကလည်း “ကိုယ်ရောက်နေတဲ့အရပ်က PDF ရင်းထဲဝင်ပြီး တော်လှန်ရေးဆက်လုပ်ခဲ့တဲ့ ကရင်အမျိုးသားကြီး ကောင်းရာမွန်ရာရောက်ပါစေ” လို့ ဆုတောင်းပါတယ်။

ဒေးမူကတော့ ဖထီးရှင်သန်နေစဉ်က အရိပ်တွေကို တရေးရေး ပြန်မြင်ယောင်နေမိတယ်လို့ ပြောပါတယ်။ သားကြီးဖိုးခွား ဆုံးရှုံးရတဲ့အပေါ် နာကျင်မှုအတွက် သမီးလေးဖိုးမူကို ပိုချစ်ပြီး ဖြေသိပ်ဖို့ ကြိုးစားခဲ့ရှာသေးတယ်လို့ ဆိုပါတယ်။

“ဖိုးခွားကျသွားတာကို သူတစ်ရက်မှ မေ့မနေခဲ့ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ရှေ့တန်းထွက်ပြီးရင် ငါ့သားအတွက် အကြွေးပြန်ယူမယ်လို့ အမြဲပြောတယ်။ ငါ့သမီးဖိုးမူရှိလို့ကွာ။ မဟုတ်ရင် သွားသတ်ပြီးပြီလို့ ပြောတတ်တယ်”

ဖထီး နှုတ်မဆက်ပဲ ရုတ်တရက် ထွက်ခွာသွားခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ဟာ ဒေးမူအတွက်တော့ လမိုက်ညထက် ပိုပြီး အမှောင်ကျခဲ့ပါတယ်။ သားအဖနှစ်ဦးဟာ ဒေးမူကို ရှေ့ဆင့်နောက်ဆင့် ချန်ထားရစ်ခဲ့ကြပါတယ်။

“သူတို့သားအဖ ထွက်သွားကြတာ ၂ လနဲ့ ၁၉ ရက်ပဲ ကွာတယ်” လို့ ဒေးမူက ငိုရှိုက်သံနဲ့ ဆိုပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးခရီးကြမ်းမှာ သားကြီးဩရသကို ဆုံးရှုံးခဲ့ရပြီးဖြစ်သလို အိမ်ဦးနတ်ဖြစ်သူရဲ့ ရုပ်အလောင်းတောင်ပြန်မရတဲ့ အဖြစ်ကို ဒေးမူတစ်ယောက် ရင်ထဲမှာ ဗလာဖြစ်သွားတဲ့အထိ နာနာကျင်ကျင် ခံစားနေရရှာပါတယ်။ အသက် ၂ နှစ်ခွဲအရွယ် သမီးလေးဖိုးမူဟာ သူ့ပါးပါး ဖထီးတစ်ယောက် လူလောကမှာ မရှိတော့တာကို မသိရှာသေးဘဲ ကလေးသဘာဝ ဆော့ကစားနေဆဲပါပဲ။ တစ်ခါတရံမှာ ပါးပါးလို့ တီးတိုးပြောရင်း ဖထီးလာမယ့်လမ်းကို မျှော်နေတတ်ပါတယ်။

“သူ့အဖေ သေဆုံးတာကို ဖိုးမူလေး မသိသေးဘူး။ ဖထီးက တပ်ရင်းကိစ္စနဲ့ အမြဲတမ်း လျှောက်သွားနေတော့ အရင်လိုပဲ လျှောက်သွားနေတယ်ထင်မှာပေါ့လေ” လို့ ဒေးမူက ပြောပါတယ်။

တော်လှန်ရေးရဲဘော်သားအဖရဲ့ နောက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ယောက်အနေနဲ့ ဖြစ်ပျက်အရားအားလုံးကို သတ္တုချကြည့်လိုက်ရင် တွေဝေမိန်းမောနေချိန်မရှိဘဲ လူထုတော်လှန်ရေး အောင်မြင်ဖို့ ခရီးဆက်ဖို့သာ ရှိတယ်လို့ ဒေးမူက ပြတ်ပြတ်သားသား ပြောပါတယ်။

သွားလေသူ သားအဖနှစ်ဦးရဲ့ ဆန္ဒဇောအတိုင်း တော်လှန်ရေး အောင်မြင်မယ်လို့လည်း ဒေးမူက ယုံကြည်နေပါတယ်။ အချိန်တွေ လွန်ခဲ့ပေမယ့် သူ့ရင်ထဲမှာ ရှိခဲ့တဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာကို ဒေးမူက အခုလို ရင်ဖွင့်ပါတယ်။

“သူတို့သားအဖကို တော်လှန်ရေးပြီးတဲ့အထိ ရှိစေချင်တာ”

(PDF ရဲဘော် ဖထီးနဲ့ သားဖြစ်သူ PDF ရဲဘော်ဖိုးခွား/ ဖထီးတို့မိသားစုဓာတ်ပုံနဲ့ ဖိုးခွားတို့မောင်နှစ်မ။ ဓာတ်ပုံ-ပေးပို့)

ဆက်စပ်သတင်းများ

Facebook