နိုဝင်ဘာ ၁၁၊ ၂၀၂၆။ မေရီ/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ ဌာနဆိုင်ရာအရာရှိတွေနဲ့ သံဃာတော်အချို့က ၎င်းတို့ရဲ့ လိုင်စင်မဲ့ယာဥ်တွေ ဆီထုတ်ဖို့အတွက် ပြည်သူတွေရဲ့ယာဥ် တွေက QR တွေကိုပွားပြီး ထုတ်ယူနေကြောင်း ကားပိုင်ရှင်အချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတွေ၊ စည်ပင်အရာရှိတွေနဲ့ အခြားဌာနဆိုင်ရာ အရာရှိတွေဟာ လိုင်စင်မဲ့ယာဥ်တွေ စီးနင်းနေပြီး ၎င်းတို့ရဲ့ယာဥ် စက်သုံးဆီဝယ်ယူခွင့်ရဖို့အတွက် အခြားလိုင်စင်ရှိ ယာဥ်တွေက QR တွေနဲ့ ဆီထုတ်ယူသုံးစွဲနေကြောင်း QR အပွားခံရတဲ့ ယာဥ်ပိုင်ရှင်အချို့က ပြောပါတယ်။
“သူတို့က အဆက်အစပ်နဲ့ QR လုပ်ထားတာ။ ဆီထုတ်တော့လည်း မူလပိုင်ရှင်က သူ့အရင် ဦးအောင်ဆီထည့်နေရတာ”လို့ QR အပွားခံထားရတဲ့ မော်တော်ယာဥ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် သံဃာတော်အချိူ့ကလည်း ၎င်းတို့ရဲ့ လိုင်စင်မဲ့ယာဥ်အတွက် စက်သုံးဆီဝယ်ယူခွင့်ကို ပြည်သူတွေရဲ့ယာဥ်တွေက QR တွေကို ပွားယူသုံးစွဲနေကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်က စက်သုံးဆီချွေတာရေးဆိုပြီး ယခုနှစ် မတ်လက စတင်ကာ မော်တော်ယာဥ်တွေကို QR ကုတ်လုပ်ပေးကာ စက်သုံးဆီအကန့်အသတ်နဲ့ စတင်ရောင်းချပြီးနောက်ပိုင်း QR ကုတ် ပွားကာ စက်သုံးဆီထုတ်ယူမှုတွေ အဖြစ်များနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက် အရန်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်ရဲ့ ဆီထုတ်ယူခွင့် QR ပိုပွားပြီး ထုတ်ယူသွားလို့ အဆိုပါ မီးသတ်ကားရဲ့ 7K-6714 နံပါတ်တပ်ထားတဲ့ အရပ်သုံးကားနဲ့ လာရောက်ဝယ်ယူပါက စက်သုံးဆီ ရောင်းချပေးခြင်းမပြုဘဲ မဟာအောင်မြေမြို့နယ် အရန်မီးသတ်တပ်ရင်းရုံးသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးကြဖို့ မီးသတ်တပ်ဖွဲ့က မေတ္တာရပ်ခံ ခဲ့ရပါသေးတယ်။





















































