Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့် မရပြန်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ တက်ရောက်ခွင့် မပေးဘဲ စစ်တပ်ခန့် နိုင်ငံခြားရေး ညွှန်ချုပ်ကိုသာ တက်ရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။

နိုဝင်ဘာ-၁၁၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ တက်ရောက်ခွင့် မပေးဘဲ စစ်တပ်ခန့် နိုင်ငံခြားရေး ညွှန်ချုပ်ကိုသာ တက်ရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ရက်ကနေ ၁၇ရက်အထိ ကျင်းပမယ့် ၄၉ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေ တက်ရောက်မှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာညွှန်ကြားရေးမှူးချုပ် ကိုယ်စားပြုတက်ရောက်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲကျင်းပကာ အရပ်ဝတ်ပြောင်းလဲခဲ့ပေမယ့် ပြီးခဲ့တဲ့ မေလက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ခွင့်မရခဲ့သလို အခုတကြိမ် ထိပ်သီးညီလာခံကိုလည်း တက်ရောက်ခွင့် ဆက်လက်မရရှိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေနဲ့ ထိပ်သီးညီလာခံကို တက်ရောက်လာမယ့် နိုင်ငံ့ခေါင်းဆောင်အကြီးအကဲများကို လက်ခံတွေ့ဆုံဖို့ အသင့်ဖြစ်နေကြောင်းနဲ့ အခုညီလာခံဟာ ကျယ်ပြန့်တဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်ရာမှာ အဓိကစင်မြင့်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမှုကို ပေါ်လွင်စေကြောင်း ထုတ်ပြန်ပါတယ်။

ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို နိုဝင်ဘာ ၁၆ ရက်မှစတင်ကာ ၁၇ ရက်အထိကျင်းပသွားမှာ ဖြစ်ပြီး အာဆီယံရဲ့ ဆွေးနွေးဘက် မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှား၊ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ကာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးကိစ္စရပ်များအပေါ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ အခွင့်အလမ်းများကို ဖန်တီးပေးမယ်လို့ ဖော်ပြပါတယ်။

အခုတကြိမ် ထိပ်သီးညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်မှာ ဖြစ်သလို ဘရာဇီး၊ ကနေဒါနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)တို့မှ ခေါင်းဆောင်းများ မိန့်ခွန်းပြောကြားမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစည်းအဝေးများအတွင်း အာဆီယံခေါင်းဆောင်တွေဟာ လက်ရှိအလှည့်ကျဥက္ကဋ္ဌသက်တမ်းအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုများကို ပြန်လည်သုံးသပ်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံ အခြေအနေအပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး အာဆီယံရဲ့ စုပေါင်းစွမ်းဆောင်ရည်ကို မြှင့်တင်မယ့် နည်းလမ်းများကို ဆွေးနွေးသွားမယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ခေါင်းဆောင်တွေဟာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွါးရေးလုပ်ငန်းရှင်များနဲ့ လူငယ်များပါဝင်တဲ့ အပြန်အလှန် ဆွေးနွေးပွဲများကိုလည်း ပြုလုပ်သွားမယ်လို့ ဖော်ပြပါတယ်။

ညီလာခံပိတ်ပွဲမှာ လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ စင်ကာပူကို လွှဲပြောင်းပေးအပ်မယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ အသိပေးပါတယ်။

စင်ကာပူဟာ လက်ရှိ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိဘူးလို့ လေ့လာစောင့်ကြည့်သူများက သုံးသပ်ထားကြပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ဧပြီမှာ အာဆီယံခေါင်းဆောင်တွေက တူညီဆန္ဒ ၅ရပ် ချမှတ်ခဲ့ပြီး အဲ့ဒီအချက်တွေကို မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်က လိုက်နာမှု မရှိဘူးဆိုပြီး ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook