Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်က လမ်းပိုင်းကို PDF စစ်ရေးအရ ယာယီပိတ်

မကွေးတိုင်း၊ စလင်းမြို့နယ်က ဆင်ဖြူကျွန်း-တညောင် လမ်းမကြီးကို စစ်ရေးအရ ယာယီပိတ်လိုက်တယ်လို့ မင်းဘူးခရိုင်စစ်ဌာနချုပ်တာ၀န်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

(မကွေးတိုင်းစစ်ဌာနက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MOD)

နို၀င်ဘာ -၁၇ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်က ဆင်ဖြူကျွန်း-တညောင် လမ်းမကြီးကို စစ်ရေးအရ ယာယီပိတ်လိုက်တယ်လို့ မင်းဘူးခရိုင်စစ်ဌာနချုပ်တာ၀န်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းရဲ့ စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ဆင်ဖြူကျွန်း-တညောင် လမ်းမကြီးမှာ စစ်ဆင်ရေးအရ အရေးပေါ်ဆောင်ရွက်မှုတွေ ပြုလုပ်မှာဖြစ်တာကြောင့် အဲဒီလမ်းပိုင်းကို ဒီကနေ့(နိုဝင်ဘာလ ၁၇ ရက်)ကစပြီး ယာယီပိတ်မှာလို့ ဆိုပါတယ်။

“အရင်ရက်ပိုင်းတုန်းက ရင်း(၁)ကနေ စီမံချက်လုပ်ထားတာရှိတယ်။အဲဒါကြောင့် စကစ ဘက်က စစ်ကြောင်း ထိုးလာနိုင်တာကြောင့်မလို့ပါ”လို့ အထက်ပါတာ၀န်ရှိသူက လမ်းပိုင်းပိတ်လိုက်မှုကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံနဲ့ခရီးသွားပြည်သူများ ထိခိုက်နာကျင်မှုမရှိစေဖို့ ရည်ရွယ်ပြီး ဆင်ဖြူကျွန်း-တညောင် လမ်းမကြီးကို ယာယီပိတ်ထားကာ လိုက်နာကြဖို့လည်း အသိပေးပါတယ်။

ပိတ်ပင်မှုကို လိုက်နာခြင်းမရှိဘဲ မိမိရဲ့ သဘောဆန္ဒအလျောက် သွားလာရင်း ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းက သတိပေးပါတယ်။

ဒါပေမယ့် အရေးပေါ်ကျန်းမာရေးကိစ္စတွေ ဖြစ်လာရင် မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းကို ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

ဒါ့ကြောင့် စစ်တပ်က စလင်းမြို့နယ်အတွင်း မကြာခဏ စစ်ကြောင်းထိုးနေပြီး အခုနှစ်အတွင်း စလင်းမြို့နယ် တညောင်-ဆင်ဖြူကျွန်းကြားက ကျေးရွာ ငါးရွာထက်မနည်းမီးရှို့ခံခဲ့ရကာ ‌ပြည်သူသုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ စလင်းမြို့နယ်ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook