နို၀င်ဘာ-၁၆ ၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲနေလို့ ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။
ဒီကနေ့(နို၀င်ဘာ ၁၆ ရက်)နေ့လယ် ၁ နာရီခန့်မှာ စစ်တပ်က ကံမနိုင်နဲ့ ကြို့ဝကျေးရွာတွေကို ၂ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကံမနိုင်ကျေးရွာက အသက် (၃၈)နှစ်အရွယ်ဒေါ်အေးနွယ်ဝင်း သေဆုံးပြီး၊ (၄၆)နှစ်အရွယ် ဦးထွန်းထွန်းနိုင်က မျက်နှာဗုံးစမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅လုံး ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာကျေးရွာတွေကို လေကြောင်းက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဥ်ရက်ဆက်ကျူးလွန်နေတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမြေပြင်စစ်ရေးတွေမှာ သေဆုံးများပြီး စစ်ရှူံးနေတဲ့စစ်တပ်က စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏ ကျူးလွန်းနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း၊ လက်နက်ကြီးကို ဂရုတစိုက်နေထိုင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်း မင်းတုန်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် (၁၈)နှစ်အောက်ကလေးငယ် ၅ဦးအပါအ၀င် ၈ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ပြန်ထိန်းချုပ်ဖို့ အနီးဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က ၀င်ရောက်ဖို့ကြိုးစားနေတာကြောင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်နေပါတယ်။






















































