နိုဝင်ဘာ-၁၇၊၂၀၂၆။People’s Spring
မြန်မာဖက်ကနေ ထိုင်းဆီကို စီးဝင်တဲ့ မြစ်တွေမှာ သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ဓာတု အဆိပ်အတောက်တွေရောပါမလာအောင် တားဆီးပေးဖို့ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ တရုတ်အစိုးရကိုထိုင်းကတောင်းဆိုထားပါတယ်။
ထိုင်းဒုတိယ ဝန်ကြီးချုပ် ယော့ချနန် ဝန်ဆာဝတ်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့တုန်းက ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့နယ်ထဲက မြန်မာနဲ့ နယ်စပ်တဝိုက် ဧရိယာတွေဆီ သွားရောက် စစ်ဆေးပြီးမြန်မာဖက်ကစီးဝင်တဲ့မြစ်ချောင်းတွေမှာဓာတုအဆိပ်အတောက်ဓာတ်တွေရောပါလာမှု အခြေအနေတွေကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာယော့ချနန်က မြန်မာဖက်ခြမ်းက မြစ်ရေ ညစ်ညမ်းမှု ဖြစ်စေတဲ့ သတ္တုတွင်း လုပ်ငန်းသုံးအဆိပ်အတောက်ရေဆိုးတွေ စွန့်ထုတ်မှုကို တားဆီးမယ့် တာတမံတွေ တည်ဆောက်ဖို့ လိုအပ်နေကြောင်းပြောကြားခဲ့ပါတယ်။

Public Service Announcement
ဆိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ နှစ်နိုင်ငံ နယ်စပ်တံတားကို ယော့ချနန်က သွားရောက် စစ်ဆေးခဲ့ပြီး မြစ်ရေဟာ နီကျင့်ကျင့် နောက်ကျိတဲ့အရောင် ပြောင်းလဲနေတာကို သတိပြုမိကြောင်းပြောပါတယ်။အဲဒီမြစ်ရေထဲမှာ မြန်မာဖက်က သတ္တုတွင်း တူးဖော်မှု လုပ်ငန်းတွေက စွန့်ပစ်လိုက်တဲ့ အာဆင်းနစ် အဆိပ်အတောက်တွေရောပါနေတယ်လို့ထိုင်းအစိုးရရဲ့ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ဆန်းသစ်တီထွင်မှုဝန်ကြီးလည်းဖြစ်သူ ယော့ချနန်ကဆိုပါတယ်။
မြစ်ရေညစ်ညမ်းမှု ပြဿနာကို သိပ္ပံနည်းကျ သက်သေပြဖို့၊ ညစ်ညမ်းမှုဖြစ်စေတဲ့ အရင်းအမြစ်တွေကို ဖော်ထုတ်ဖို့ သူ့ရဲ့ ဝန်ကြီးဌာနကလိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်းယော့ချနန်က ကတိပြုခဲ့ပါတယ်။
အဲဒီ စစ်ဆေးတွေ့ရှိမှုတွေကို အကဲဖြတ်ဖို့ တရုတ် သိပ္ပံပညာရှင်တွေကိုလည်း ဖိတ်ခေါ်သွားမှာ ဖြစ်ကြောင်း၊ တရုတ် အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း ဒီအချက်အလက်တွေအပေါ် မူတည်ပြီး ညစ်ညမ်းမှု ဖြစ်စေတဲ့ ပြဿနာ အရင်းအမြစ် သတ္တုတူးဖော်ရေး လုပ်ငန်းတွေနဲ့ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်ကူညီပေးမယ်လို့ မျှော်လင့်ကြောင်း ဒုတိယဝန်ကြီးချုပ်ကပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီရာကူကလည်း နိုင်ငံမြောက်ပိုင်းက မြစ်တွေမှာ ဓာတုအဆိပ်အတောက်ဓာတ်တွေ ရောနှောပြီး ညစ်ညမ်းမှု ပြဿနာတွေ ဖြစ်နေတဲ့အပေါ် တရုတ် ဝန်ကြီးချုပ် လီချန်းနဲ့ ဆွေးနွေးထားကြောင်း ပြောပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးတာဝန်ကို ယူထားတဲ့ ဆီဟာဆက် ဖုန်ကက်ကောင်ကလည်း မကြာသေးခင်က မြန်မာနိုင်ငံ ခရီးစဉ်မှာ အာဏာသိမ်း စစ်တပ်အာဏာပိုင်တွေကိုမြစ်ရေညစ်ညမ်းမှုပြဿနာနဲ့ ပတ်သက်လို့ထိုင်းရဲ့စိုးရိမ်မှုတွေကို အသိပေးခဲ့ကြောင်းအနူတင်က ဆိုပါတယ်။
ထိုင်းပိုင်နက်ထဲ စီးဝင်တဲ့ မြစ်တွေရဲ့ အစိတ်အပိုင်းဟာ မြန်မာဖက်က သတ္တုတူးဖော်ရေး နယ်မြေတွေရဲ့ အောက်ဖက်မှာ ရှိနေတဲ့အတွက် စွန့်ပစ် ဓာတုရေဆိုးတွေရဲ့ ဒဏ်ကို ထိုင်းပြည်သူတွေက အဓိက ခံစားနေရတယ်လို့ ဆီဟာဆက်က မြန်မာစစ်ခေါင်းဆောင်တွေကို ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းအစိုးရဟာ နိုင်ငံမြောက်ပိုင်းက ပြည်သူတွေ အနေနဲ့ မြစ်ရေညစ်ညမ်းမှုကြောင့် ထိခိုက်ခံစားရတဲ့ အခြေအနေကို ရှောင်လွှဲနိုင်ဖို့ သန့်ရှင်းပြီး လုံခြုံစိတ်ချရတဲ့ ရေပေးဝေရေး အရင်းအမြစ်သစ် တစ်ခုကို ကူညီ ရှာဖွေပေးသွားမယ်လို့လည်းအနူတင်ကပြောကြားသွားပါတယ်။
ကိုးကား-Bangkok Post
ဓါတ်ပုံ – Bangkok Post, Thai PBS


























































