ယီမင်နိုင်ငံက စစ်ရေးအခင်းအကျင်းတွေမှာ အခြေမလှခဲ့တဲ့နောက် ဆော်ဒီအာရေးဘီးယားဟာ ယီမင်က စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ စစ်ဦးစီး အရာရှိ နေရာကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ဆော်ဒီဟာ ယီမင် ပြည်တွင်းစစ်မှာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရဖက်က ပါဝင်ကူညီရင်း အီရန်မဟာမိတ် ဟိုသီသူပုန်တွေကို စစ်ခင်း တိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းက ဆော်ဒီရဲ့ ပံ့ပိုးမှုနဲ့အတူ ယီမင် အစိုးရ တပ်တွေဟာ နိုင်ငံ အနောက်တောင်ပိုင်းက ဟိုသီတွေ ထိန်းချုပ်ထားရာ မဟာဗျူဟာအရ အရေးပါတဲ့ ပင်လယ်နီ ကမ်းရိုးတန်း ဧရိယာတွေကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယီမင်အစိုးရ ယာယီ ရုံးဆိုက်ရာ အေဒန်မြို့ကို ဟိုသီတွေက ခြိမ်းခြောက်လာတဲ့အတွက် အဲဒီမြို့ကို ကာကွယ်ဖို့ ပင်လယ်နီ ကမ်းရိုးတန်းက တပ်တွေကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ ဒါကြောင့် ဟိုသီတွေဟာ ပင်လယ်နီ တဝိုက်က ဧရိယာတွေကို ပြန်လည် ထိန်းချုပ်ခွင့် ရသွားခဲ့ပါတယ်။
ဟိုသီတွေရဲ့ စစ်ရေးအသာစီး ရလာမှုကို တန်ပြန် ဖိအားပေးဖို့ အောက်တိုဘာလမှာ ဆော်ဒီနဲ့ ယီမင်အစိုးရ တပ်တွေ ပူးပေါင်းဆင်နွှဲခဲ့တဲ့ တန်ပြန်ထိုးစစ်ဟာ အစပိုင်းမှာ အခြေအနေ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ယီမင် အစိုးရဟာ ပင်လယ်နီနဲ့ အေဒန် ပင်လယ်ကွေ့ ကြားက ကျဉ်းမြောင်းသွယ်လျတဲ့ ဘက်ဘ်အယ်လ် မန်ဒက်ဘ် ရေလက်ကြား တဝိုက်ကနေ ပြန်လည် ဆုတ်ခွာရတော့မယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။

Public Service Announcement
အဲဒီရေပြင်ဟာ ကမ္ဘာပေါ်မှာ အရေးအပါဆုံး ကုန်သွယ်ရေကြောင်းဆိုင်ရာ ရေလမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။ အေဒန်မြို့ရဲ့ အနောက်ဖက် ကီလိုမီတာ ၁၀၀ လောက်ထိ ဟိုသီတွေက ချဉ်းကပ်လာနိုင်ခဲ့တဲ့နောက် ပင်လယ်နီ ကမ်းရိုးတန်းက တပ်တွေကို စစ်ကူအဖြစ် ပြန်ခေါ်ဖို့ ယီမင် အစိုးရက ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ယီမင် အစိုးရဟာ မြို့တော် ဆာနားကို လက်လွှတ်ခဲ့ရလို့ အေဒန်မှာ ယာယီပြောင်းရွှေ့ အခြေစိုက်နေရတာပါ။
နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ ဆော်ဒီဘာရင် ဆယ်လ်မန်ဆီက တော်ဝင်အမိန့်ပြန်တမ်း ထွက်ပေါ်လာပြီး ယီမင်စစ်ပွဲမှာ ပါဝင်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ အာရပ်တပ်ပေါင်းစု စစ်ဦးစီးနေရာ အပြောင်းအလဲ လုပ်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဖာဟ်ဘင် ဟာမက် အယ်လ်ဆယ်မန်ဟာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်မှုရေးရာ အကြံပေးအဖြစ် ပြောင်းလဲ ခန့်အပ်ခံခဲ့ရပြီး ပူးပေါင်းစစ်ဆင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖေယက်ဒ်အယ်လ် ရူဝိုင်လီက တပ်ပေါင်းစုကို ဦးဆောင်သွားမယ်လို့ သိရပါတယ်။
တပ်ပေါင်းစု ခေါင်းဆောင်နေရာ အပြောင်းအလဲ လုပ်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဆော်ဒီ အစိုးရက သီးခြားမှတ်ချက် ပေးတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဟိုသီတွေဟာ ယီမင်မှာ အစိုးရတပ်တွေကို ရင်ဆိုင် စစ်ခင်းနေတဲ့အပြင် မြောက်ပိုင်းက ဆော်ဒီပိုင်နက်ထဲကိုလည်း ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ ယီမင်မှာ ဟိုသီတွေ စစ်ရေး အသာစီး ရနေပြီး ဆော်ဒီက ရုန်းကန်နေရတာ၊ ပင်လယ်နီ ရေလမ်းကြောင်းကို ဟိုသီတွေက ထိန်းချုပ်လာနိုင်တာတွေဟာ အရှေ့အလယ်ပိုင်း စစ်ရေးအခင်းအကျင်းမှာ အီရန်ရဲ့ အနေအထားက ပိုပြီး အားကောင်းလာစေတယ်လို့ သုံးသပ် ပြောဆိုထားပါတယ်။
ကိုးကား: Reuters


























































