နိုင်ပကောင်း၊ နိုဝင်ဘာ – ၁၆ ၊၂၀၂၆/People’s Spring
မြန်မာနိုင်ငံအခြေစိုက် Tai Chang ကျားဖြန့်ဂိုဏ်းနဲ့ပတ်သက်ပြီး သတင်းပေးရင်အမေရိကန်ဒေါ်လာ ၁၀ သန်းထိဆုငွေချီးမြှင့်မယ်ဆိုတဲ့အမေရိကန်အစိုးရရဲ့ကြေညာချက်ကို ရန်ကုန်မြို့မှာရှိတဲ့အမေရိကန်သံရုံးရဲ့ဖေ့ဘွတ်ခ်မှာ ဒီနေ့ ( နိုဝင်ဘာလ ၁၆ ရက်) ထပ်မံအသိပေး ဖော်ပြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ စိုးမိုးရေး ဗျူရိုက တရားရေး ဝန်ကြီးဌာနရဲ့ ကျားဖြန့်တိုက်ခိုက်ရေးအထူးယူနစ်နဲ့ ပူးပေါင်းပြီး ဆုကြေးထုတ်ထားတာပါ။
အမေရိကန်ရဲ့ ကြေညာချက်မှာ အဓိက ပစ်မှတ်ထားတာက Tai Chang ဆိုတဲ့ နာမည်နဲ့ လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းရဲ့ ခြံဝင်းတွေ ဖြစ်ပါတယ်။

Public Service Announcement
Tai Chang ကျားဖြန့်ဝင်း လေးခုရဲ့ တည်နေရာ ကိုဩဒိနိတ်တွေကိုလည်း အမေရိကန်က ထုတ်ပြန်ခဲ့ရာမှာ နှစ်ခုက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ကျောက်ခက်ဒေသထဲမှာဖြစ်ပြီး အခြားတစ်ခုကလည်း မြဝတီမြို့နယ်ထဲမှာဖြစ်ပါတယ်။ကျန်တစ်ခုကတော့ မြဝတီနဲ့ ဖားအံမြို့နယ်တွေနဲ့ နယ်စပ်နားမှာ တည်ရှိနေတာကို တွေ့ရပါတယ်။
ကျောက်ခက်ဒေသက ကျားဖြန့်လုပ်ငန်းတစ်ခုက Aka Kyauk hat Casino ဒါမှမဟုတ် ကိုစိုင်းလို့အမည်ပေးထားတယ်လို့သိရပါတယ်။မြဝတီမြို့နယ်ထဲက အခြားကျားဖြန့်ခြံဝန်းတစ်ခုက Aka Tain ဒါမှမဟုတ် Qingsong လို့ခေါ်တယ်လို့ဖော်ပြထားပါတယ်။
အဲဒီခြံဝင်းတွေဟာဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုတွေကို အင်တိုက် အားတိုက်လုပ်ဆောင်နေတယ်လို့ယုံကြည်ရပြီးအထူးသဖြင့်ခရစ္စတိုဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထောင်ချောက်ဆင်တဲ့ နည်းလမ်းကို အဓိက အသုံးပြုလေ့ ရှိပါတယ်။
အဲဒီ ခြံဝင်းတွေဟာ အရှေ့တောင်အာရှ ဒေသတွင်း နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းကြီးတွေရဲ့ ကျောထောက်နောက်ခံကို ရရှိထားပြီး အမေရိကန် နိုင်ငံသားတွေအပေါ် ပစ်မှတ်ထား လိမ်လည်မှုတွေ ပိုမို တိုးမြှင့်လာနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင်အဲဒီကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး အမေရိကန်နိုင်ငံသားတွေဆုံးရှုံးခဲ့ရတဲ့ငွေကြေးပမာဏဟာဒေါ်လာ ၇.၂ ဘီလီယံကျော်ထိ များပြားခဲ့ကြောင်း သိရပါတယ်။
ကျားဖြန့်လုပ်ငန်းတွေဟာသားကောင်တွေကို ငွေကြေး လွှဲပြောင်းပေးဖို့ လှည့်စားလိမ်လည်ကြပြီး အဲဒီငွေတွေကို ဒစ်ဂျစ်တယ် ငွေကြေးအဖြစ် ပြောင်းလဲပြီး ခဝါချလေ့ ရှိပါတယ်။
လိမ်လည်ထားတဲ့ ငွေကြေးကို ခရစ္စတို ငွေကြေးအဖြစ် ကျားဖြန့်ဂိုဏ်းတွေက ပြောင်းလဲပစ်လိုက်တဲ့အခါ ခြေရာခံဖို့၊ ပြန်လည်ရရှိနိုင်ဖို့ ပိုပြီး ခက်ခဲသွားတယ်လို့လည်း သိရပါတယ်။
လက်ရှိ အခြေအနေမှာတော့အဲဒီဒုစရိုက်ဂိုဏ်းတွေကို တန်ပြန်ထိုးနှက်ရာမှာ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကို ဖော်ထုတ်သိမ်းဆည်းနိုင်ရေးက ပိုအရေးကြီးလာနေတယ်လို့ ဆိုပါတယ်။
အခုလို ဆုငွေထုတ်ခြင်းက ခိုးယူခံထားရတဲ့ ငွေကြေးတွေကို အာဏာပိုင်တွေက ခြေရာခံ ရယူနိုင်ရေး အကူအညီ ဖြစ်စေမယ့် သတင်းအချက်အလက်တွေ ပိုင်ဆိုင်ထားသူတွေက ဆက်သွယ်လာအောင် အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ကိုးကား-Department of State






















































