နိုဝင်ဘာ-၁၇၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ မနေ့က နိုဝင်ဘာ ၁၆ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ ကျောက်တော်မြို့ပေါ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ ဂျက်ဖိုက်တာသုံးစီးနဲ့ ည ၁၁ နာရီခွဲလောက်ကနေ ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်ထိ ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ကျောင်းကတော့ တဆောင်လုံးနီးပါးပျက်စီးသွားတယ်။ ကျောင်းဆောင်နဲ့ ဝင်းထဲမှာကို အများစုကျတယ်။ အဲဒီနားကတယောက် နှလုံးရပ်ပြီးတော့ သေသွားတယ်” လို့ ကျောက်တော်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။ တခြား အရပ်သား ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

Public Service Announcement
“ဂျက်တစီးက ချတယ်။ နောက်တစီးလာတယ်။ အဲလိုမျိုးချသွားတယ်။ ကြောက်ပြီးတော့ ကလေးတွေ ငိုကြတာ ဆိုတာ။ တညလုံးလည်း မအိပ်လိုက်ရဘူး။ ကြောက်ပြီး သေးထွက်ကျသူကျတယ်။ အနီးကပ်ပစ်တာ” လို့ ကျောက် တော်မြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး နေထိုင်သူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ တက်ရောက်မယ့် ကျောင်းသားတွေကို ခေါ်ယူခဲ့ပြီး တက်ရောက်ခွင့်ရသူကျောင်းသားတွေရဲ့ အမည်စာရင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါသေးတယ်။
အဲဒီလို ထုတ်ပြန်ပြီးရက်ပိုင်းအကြာမှာပဲ အခုလို ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်းကို ဗုံးကြဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ဟာ သူတို့လက်လွှတ်ထားရတဲ့ တောင်ကုတ်မြို့ပေါ်ရှိ တောင်ကုတ်တက္ကသိုလ်အတွက်လည်း ကျောင်းသားတွေ ခေါ်ယူတာရှိခဲ့ဖူးပါတယ်။
စစ်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ အခုရက်ပိုင်းမှာ ကျောက်တော်၊ မြောက်ဦးမြို့ပေါ်နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့တာကြောင့် စစ်ဘေး ရှောင် ၁၂ ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဗျာလစစ်ရှောင်စခန်းကို ဗုံးမကြဲခင်တရက်အလို နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှာလည်း မြောက်ဦးမြို့ ကြက်စျေးရပ်ကွက် မူလတန်းလွန်စာသင် ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်သား ၂ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် ညကလည်း မြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁ ရက်ကလည်း မြောက်ဦးမြို့ပေါ်ရှိ သားဖွားဆေးရုံ၊ ယိုးချောင်းတံတား၊ ပေါက်တောမြို့နယ် ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၂ ဦး ထက်မနည်း ဒဏ်ရာခဲ့ပါတယ်။
စစ်တပ်ဟာ အခုရက်ပိုင်းမှာ အာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိ လာပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်းကို လက်တုံ့ပြန်သွားမယ် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၃၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၄၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။


























































