Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့ အထက(၁)နဲ့ GTI ကျောင်းတို့ကို စစ်တပ်ဗုံးကြဲ၊ ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ သံတွဲမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ-၁၇၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ သံတွဲမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ သံတွဲမြို့ပေါ်ရှိ အမှတ်(၁)အထက်တန်းကျောင်းနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တို့ကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“အထက ၁ မှာ တလုံးကျတယ်။ GTI ကျောင်းတည့်တည့်မှာကျတယ်။ စုစုပေါင်း သေတာ နှစ်ယောက်၊ ဒဏ်ရာရတာ လေးယောက်လို့ သိရတယ်။ အသေးစိတ်တော့ သတင်းမရောက်သေးဘူး”လို့ ဒေသခံလူမှုကူညီရေးလုပ်နေသူ တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်၊ သေဆုံးသူတွေထဲ GTI ကျောင်းမှ အစောင့်နှစ်ဦး ပါဝင်ပြီး ကျန်ထိခိုက်၊ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အခုဗုံးကြဲခံရတဲ့ သံတွဲ အထက(၁)နဲ့ GTI ကျောင်းတို့ဟာ သံတွဲမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တည်ရှိတာဖြစ်ပါတယ်။

အဲဒီဗုံးကြဲသံကို ကျယ်ကျယ်လောင်လောင်ကြားခဲ့ရပြီး စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် သံတွဲမြို့ပေါ်မှ ပြည်သူအချို့ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အမှတ်(၁) ကျောင်းကို အရင်ကတည်းက တခေါက်ချပြီးပြီ။ ကျောင်းတွေကို တမင်ဖျက်ဆီးနေတာ။ သူတို့ဆောက်ခဲ့ တဲ့ ကျောင်းတွေ၊ အဆောက်အဦးတွေကို အကုန်လိုက်ဖျက်နေတယ်” လို့ သံတွဲမြို့ပေါ်မှာ နေထိုင်တဲ့ဒေသခံအမျိုးသမီးက ပြောပါတယ်။

သံတွဲမြို့ပေါ်မှာ မြို့ခံတွေအပြင် စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း နေထိုင်ကြပါတယ်။

စစ်တပ်ဟာ မနေ့က နိုဝင်ဘာ ၁၆ ရက် ညမှာလည်း ကျောက်တော်မြို့ပေါ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့အနီးဝန်းကျင် နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပြီး ထိခိုက်၊ သေဆုံးသူတွေ ရှိခဲ့ပါတယ်။

စစ်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ အခုရက်ပိုင်းမှာ သံတွဲ၊ ကျောက်တော်၊ မြောက်ဦးမြို့ပေါ်နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင် ၁၂ ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဗျာလစစ်ရှောင်စခန်းကို ဗုံးမကြဲခင်တရက်အလို နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှာလည်း မြောက်ဦးမြို့ ကြက်စျေးရပ်ကွက် မူလတန်းလွန်စာသင် ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်သား ၂ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် ညကလည်း မြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်ကလည်း မြောက်ဦးမြို့ပေါ်ရှိ သားဖွားဆေးရုံ၊ ယိုးချောင်းတံတား၊ ပေါက်တောမြို့နယ် ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၂ ဦး ထက်မနည်း ဒဏ်ရာခဲ့ပါတယ်။

စစ်တပ်ဟာ အခုရက်ပိုင်းမှာ အာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိလာပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကို လက်တုံ့ပြန်သွားမယ် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁၃ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၃၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၄၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook