နိုဝင်ဘာ-၁၇၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက ခင်ဦးမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့အတွက် ဒေသခံတွေလုံခြုံရေးသတိပြုကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၇ရက်မှာထုတ်ပြန်ပါတယ်။
ကောလင်းမြို့နယ်ဘက်ကနေ စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်တပ်ဟာ လက်ရှိမှာ ချပ်သင်းနယ်ရောက်ရှိနေတာကြောင့် ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြိုတင်သတိပေးချက်ထုတ်ပြန်တာဖြစ်ပါတယ်။
” ကန့်ဘလူနယ်ထဲမှာ ဇော်ချောင်းတို့၊ သင်တောတို့ကို မီးတွေရှို့ခဲ့ပြီး ချပ်သင်းကို ရောက်လာပြီ။ ဒီဘက် ခင်ဦးနယ်ထဲကို ရောက်လာနိုင်ခြေရှိတယ်။ ရောက်မလာခင်မှာ ဒေသခံတွေ သတိပြုကြဖို့၊ ကြိုတင်ပြင်ဆင်ကြဖို့ လိုပါတယ်”လို့ ခင်ဦး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement
အင်းတော်-ထီးချိုင့်လမ်းကနေတဆင့် ကောလင်းမြို့နယ်ဘက်ကို နိုဝင်ဘာလ၃ရက်နေ့မှာ ဝင် ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်နေပြီး အင်းတော်၊ ကောလင်း၊ မော်လူးမြို့နယ်တွေအပြင် ကောလင်းနဲ့ ဆက်စပ်နေတဲ့ ကန့်ဘလူမြို့နယ်ကိုလည်း စစ်ကြောင်းဝင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်နေပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်က တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးကြွေးပြီး တိုက်ခိုင်းနေကာ မတိုက်သူတွေကို အချင်းချင်းပစ်မိန့်ပေးထားတယ်လို့ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အထိနာနေတဲ့ စစ်တပ်က ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းနှင့် မီးရထားလမ်းတစ်လျောက် လေကြောင်းပစ်ကူယူ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း ၊ အချိန်မီမတိမ်းရှောင်နိုင်တဲ့ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ခြင်း ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်ခြင်းတွေ ပြုလုပ်နေလို့ စစ်ရေးသတိအပြည့်ရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။ ပြည်သူ တွေထိခိုက်နစ်နာမှုနည်းပါးစေရန်အတွက် စစ်ဘက်-အရပ်ဘက် တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်၊ တာမြစ်ချက်တွေကို လိုက်နာကြဖို့လည်းကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်၅ရပ်ကွက်ရှိပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လုံးဝရပ်တန့်နေပါတယ်။ ဌာနဆိုင်ရာရုံးတွေ မဖွင့်နိုင်တော့ဘဲ မြို့ပေါ်နေရာအချို့နဲ့ ပြင်ထောင်ရွာ၊ မကျည်းတုန်ရွာတို့မှာပဲ စစ်ကောင်စီက တပ်စွဲထားတာဖြစ်ပါတယ်။
ခင်ဦးမြို့နယ်မှာ ၂၀၂၅ နိုဝင်ဘာက နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း စစ်တပ်စစ်ကြောင်းတွေက ကန့်ဘလူမြို့နယ်ထဲကို ဝင်ရောက်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ၁၈ရက်ကြာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းပျက်ခဲ့သလို လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကသိမ်းယူနိုင်ခဲ့ပါတယ်။


























































