နိုဝင်ဘာ-၁၉၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ လိုင်ဇာမြို့က KIA ဌာနချုပ် ဗိုလ်သင်တန်းကျောင်းကို လွန်ခဲ့တဲ့ ၁၂ နှစ်က စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်လို့ ကျဆုံးခဲ့တဲ့ အာရက္ခတပ်တော်(AA)က ဗိုလ်လောင်း ၈ ဦးအပါအဝင် ဗိုလ်လောင်း ၂၃ဦးကို မည်သည့်အခါမှ မေ့ပျောက်မှာမဟုတ်ကြောင်း AA က ထုတ်ပြန်ပါတယ်။
KIA ဌာနချုပ်ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းကို ၂၀၁၄ နိုဝင်ဘာ ၁၉ရက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အာရက္ခတပ်တော်က ဗိုလ်လောင်း ၈ဦးနဲ့ကျန် တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်လောင်း ၁၅ ဦး၊ စုစုပေါင်း၂၃ဦး ကျဆုံးခဲ့တာပါ။
ကျဆုံးသူတွေကို ဘယ်သောအခါမှ မမေ့ကြောင်းကို “၁၉/၁၁ – ဇာခါလေ့သင့် မမိပါ”လို့ ရခိုင်တိုင်းရင်းသားဘာသာစကားနဲ့ AA က ဒီနေ့ နိုဝင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာ ၁၉ရက်ကို ဘယ်သောအခါမှမေ့မှာမဟုတ်ဘဲ ကျဆုံးခဲ့တဲ့ ဗိုလ်လောင်းတွေရဲ့တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်မှုတွေကိုလည်းအမြဲသတိရနေမယ်လို့ ထုတ်ပြန်ထားပါတယ်။
AA ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်ကစပြီး ရခိုင်ပြည်နယ်မှာမြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်က စစ်တွေ၊မာန်အောင်၊ ကျောက်ဖြူမြို့နယ်တွေကလွဲလို့ ကျန်မြို့နယ်တွေကို သိမ်းယူထားပါတယ်။
သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင် မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေကြောင်း ၁၀၂၇ စစ်ဆင်ရေး(၃)နှစ်မြောက်တဲ့ နိုဝင်ဘာ ၁၃ရက်ညပိုင်းမှာ AAက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းနဲ့နယ်စပ်ဖြစ်တဲ့ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)အနီး၊ မကွေးတိုင်းငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်းတွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။
AA ဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် ကိုးကန့်တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော် (TNLA) လို စစ်တပ်နဲ့ အပစ်ရပ်မဆွေးနွေးဘဲ စစ်မျက်နှာအများအပြား တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

























































