နိုဝင်ဘာ-၁၉၊၂၀၂၆။တေဇ/People’s Spring
ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံကလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကအမိန့်ချတဲ့အပေါ် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းနှစ်ရာကျော်က ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
“မိမိတို့သည် ရိုဟင်ဂျာ ထိခိုက်နစ်နာသူများနှင့် အသက်ရှင် ကျန်ရစ်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပါသည်။ သူတို့သည် ထိုရက်စက်ကြမ်းကြုတ်မှုများ၏ ထာဝရ စိတ်ဒဏ်ရာကို ခံစားနေရရုံမျှမက၊ သူတို့ အသိုက်အမြုံ အများစုမှာ မွေးရပ်မြေပြင်ပတွင် ပြည်ပရောက်ဘဝနှင့် မလုံခြုံမှုများထဲတွင် ဆက်လက်နေထိုင်နေရဆဲ၊ သို့မဟုတ် မြန်မာနိုင်ငံအတွင်း ဆက်လက် အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှင်းပန်းမှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ယနေ့ ချမှတ်လိုက်သော အပြီးသတ်အမှုစီရင်ချက်သည် ၎င်းတို့အတွက်သာမက၊ တရားစီရင်မှုကို ကြားသိခွင့်မရလိုက်ဘဲ အသက်ဆုံးရှုံးခဲ့ကြရသူများအတွက်လည်းဖြစ်သည်။” လို့ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၁၉ ဖွဲ့က ပူးပေါင်းထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်က ၂၀၁၆ နဲ့ ၂၀၁၇ မှာ ရိုဟင်ဂျာတွေအပေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးခေါင်းစဥ် နဲ့ ရိုဟင်ဂျာတွေအပေါ်လူမျိုးသုဥ်းသတ်ဖြတ်မှု ဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ချိုးဖောက်ကာ လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကိုတွေ့ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဒီနေ့(နိုဝင်ဘာ၁၉) အမိန့်ချမှတ်ခဲ့တာပါ။

Public Service Announcement
ဒီနေ့ တရားခွင်မှာ ICJက မြန်မာအပေါ် ဂမ်ဘီယာက စွပ်စွဲထားတဲ့ အမှုကိုအပြီးသတ် စီရင်ချက်ကို ဖတ်ကြားကြေညာခဲ့ရာမှာ တရားသူကြီး ၁၅ ဦးထဲက ၉ ဦးက လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် မြန်မာမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ၆ ဦးကတော့ စွဲချက်ကို ကန့်ကွက်မဲ ပေးခဲ့ပါတယ်။
ဒါကြောင့် ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် မြန်မာက ပြစ်မှုထင်ရှားတယ်လို့ ဂမ်ဘီယာ က တရားစွဲဆိုပြီး ၇ နှစ်အကြာမှာ ICJက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတစ်ခုအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက်အပြစ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ခုံရုံးတစ်ခုရဲ့ ပထမဆုံးအကြိမ် စီရင်ချက် ချမှတ်မှု အနေနဲ့လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။
အထက်ပါအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အမှုစီရင်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ နစ်နာကြေးတွေ ပေးလျော်ဖို့နဲ့ ထပ်မံ မဖြစ်ပွားစေရေး အာမခံချက်အနေနဲ့ ရိုဟင်ဂျာတွေရဲ့ လူမျိုးစုအမှတ်လက္ခဏာကို အပြည့်အဝအသိမှတ်ပြုပေးဖို့၊ နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်ဖို့နဲ့ သူတို့ရဲ့ မွေးရပ်မြေကို လုံခြုံစွာ၊ သူတို့ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ နဲ့ပြန်နိုင်ရေးတို့ ကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မင်းအောင်လှိုင်နဲ့ မြန်မာ စစ်တပ် ခေါင်းဆောင်တွေရဲ့ ရာဇဝတ်ကြောင်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အစွမ်းကုန် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
“ရိုဟင်ဂျာမျာနှင့် မြန်မာပြည်သူ အားလုံးအပေါ် မြန်မာစစ်တပ်၏ ဆယ်စုနှစ်များစွာ ရက်စက်မှုများကို အဆုံးသတ်ရန် မိမိတို့ကို ဝန်းရံကူညီပေးပါ။ မြန်မာနိုင်ငံကိုဤစစ်တပ်၏ အကြမ်းဖက်မှု အောက်မှ လွတ်မြောက်စေရန် ကူညီပေးပါ။ မိမိတို့နှင့်အတူ ဆက်လက် ရပ်တည်ပေးပါ။ ရိုဟင်ဂျာများနှင့်အတူ ဆက်လက် ရပ်တည်ပေးပါ။” လို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

























































