Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံသွားအလုပ်လုပ်မယ့်သူတွေ ငွေပြန်လွှဲပို့ရေး မိဘ ၂ဦး သက်သေလက်မှတ်ထိုးရမယ်လို့ စစ်ကောင်စီ အကြပ်ကိုင်

ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မယ့်သူတွေအနေနဲ့ မိသားစုထံ ငွေပြန်လွှဲပို့စေရေး မိဘ ၂ဦးရဲ့လက်မှတ်ထိုးရမယ်ဆိုပြီး စစ်ကောင်စီရဲ့အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ညွန်ကြားချက်ထုတ် အကြပ်ကိုင်ထားပါတယ်။

(IC ဖျက်သိမ်းရေး ကမ်ပိန်းမှာ ထိုင်းရောက်မြန်မာတွေ ပါဝင်နေကြစဉ်။ ဓာတ်ပုံ - MMWRCCT)

နိုဝင်ဘာ-၁၉၊၂၀၂၆။အရုဏ်ဦး/People’s Spring

ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မယ့်သူတွေအနေနဲ့ မိသားစုထံ ငွေပြန်လွှဲပို့စေရေး မိဘ ၂ဦးရဲ့လက်မှတ်ထိုးရမယ်ဆိုပြီး စစ်ကောင်စီရဲ့အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ညွန်ကြားချက်ထုတ် အကြပ်ကိုင်ထားပါတယ်။

ထိုင်းနိုင်ငံသွားရောက်ကိုင်မယ့် အလုပ်သမားရဲ့ မိဘ ၂ဦးကို တရားဝင်ငွေလွှဲပို့မှာနဲ့ ပတ်သက်လို့သိရှိကြောင်း ကတိခံဝန်ချက်လက်မှတ်ရေးထိုးခိုင်းဖို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို စစ်တပ် လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မူလုပ်ငန်းရှင်များအသင်း(MOEAA)က တဆင့် အသိပေးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အခုလို အလုပ်သမားတွေ ငွေလွှဲပို့အောင်အကြပ်ကိုင်တာနဲ့ပတ်သက်ပြီး အာဏာရှင်အကျင့်စရိုက်လုပ်ရပ်ဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားအရေးကူညီပေးနေသူတစ်ဦက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ငွေမလွှဲရင်ကျန်ခဲ့တဲ့မိဘတွေကို ဖိအားပေးအရေး ယူမယ့်သဘောနဲ့ အကြပ်ကိုင်တာ။ တော်တော်လူမဆန်တဲ့လုပ်ရပ်ကို ​မြင်တွေ့ရတာပဲ”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံသွားမယ့် အလုပ်သမားအနေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူလက်မှတ်မထိုးချိန်ခင် လ စာရဲ့၂၅ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက​နေ မိသားစုထံ လွှဲပို့ရမယ်ဆိုတာ မိဘတွေသိရှိကြောင်း ကတိခံဝန်လက်မှတ်အရင်ရေးထိုး​ရမှာလို့ ဆိုပါတယ်။

နေထိုင်တဲ့ဒေသ မြို့နယ်ရုံးတာဝန်ခံအရာရှိရဲ့ရှေ့မောက်မှာ နိုဝင်ဘာ ၁၈ရက် ကစပြီး အလုပ်သမားရဲ့မိဘ ၂ဦးက ကတိခံဝန်ချက်သက်သေအ​ဖြစ် လက်မှတ်ရေးထိုးကြရမှာလို့ MOEAAက အသိပေးထားပါတယ်။

လက်မှတ်​ရေးထိုးထားတဲ့ ကတိခံဝန်ချက်ကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုချိန်မှာ တင်ပြရမှာဖြစ်ပြီး လိုအပ်တဲ့အချက်အလက်တွေဖြည့်ပြီးရင် စာချုပ်ချုပ်ဆိုရေးအဖွဲ့ဆီစာချုပ်မူရင်း အပ်နှံရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေကို မိသားစုထံ လစာရဲ့၂၅ရာခိုင်နှုန်းနဲ့ ဝင်ငွေ၂ရာခိုင်နှုန်းပေးဆောင်ဖို့ ဆက်တိုက်ဖိအားပေးနေတာ ဖြစ်ပါတယ်။

“လုပ်ရပ်ကတော်တော် စိတ်ပျက်စရာကောင်းတယ်။ ဓါးပြတိုက်၊ မလုယက်ရုံတမယ်ပဲ။ သူတို့ဒီလိုလုပ်ရပ်မျိုးနဲ့ လူထုရဲ့အမုန်းတရားပဲရမှာ “လို့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

အခုလိုစစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေကို အတင်းအကြပ် ငွေလွှဲပို့ခိုင်းတာ ဝင်ငွေခွန်ပေးသွင်းစေပြီး အခွန်နှစ်ထပ်ကျသင့်စေတဲ့ မတရားလုပ်ရပ်တွေနဲ့ပတ်သက်လို့ မကြာခင်လုပ်ဖို့ရှိတဲ့ ILO ရဲ့မြန်မာရွှေ့ပြောင်းလုပ်သား​ရေးရာ အထူးအရေးပေါ်အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) လက်ထောက်အထွေထွေအတွင်း ရေးမှူးဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

ဆက်စပ်သတင်းများ