နိုဝင်ဘာ-၁၉၊ ၂၀၂၆။ သော်မွန်/People’s Spring
ကုလသမဂ္ဂတရားရုံး ICJ ဥက္ကဋ္ဌ တရားသူကြီး အီဝါဆာဝါက ဂမ်ဘီယာ-မြန်မာအမှုနဲ့ပတ်သက်လို့ ရုံးတော်ရဲ့ အပြီးသတ်အမိန့် ၁၃ ချက်ကို ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာအပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဒီနေ့ နိုဝင်ဘာ ၁၉ရက် ညနေပိုင်းမှာ နှစ်နာရီခွဲကျော်ကြာ အမိန့်ကို ဖတ်ကြားခဲ့ပြီးနောက် ICJ ဥက္ကဋ္ဌ တရားသူကြီးက အခုလို အပြီးသတ်အမိန့် ၁၃ ချက်ကို ကြေညာခဲ့တာပါ။ မြန်မာနိုင်ငံက လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ICJ မှာ စတင်တရားစွဲဆိုခဲ့ပြီး ၇ နှစ်ခန့်အကြာမှာ အပြီးသတ်အမိန့်ချခဲ့တာလည်း ဖြစ်ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၁)

Public Service Announcement
မြန်မာနိုင်ငံဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၉ ဦးက သဘောတူပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၂)
မြန်မာနိုင်ငံဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ တခြားလူပုဂ္ဂိုလ်တွေက လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်တာကို တားဆီးဖို့ ပျက်ကွက်ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၉ ဦးက သဘောတူပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၃)
မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် သာမန်အရပ်သား ပုဂ္ဂိုလ်တွေက လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်လာအောင် တိုက်ရိုက်နဲ့ လူသိရှင်ကြား လှုံ့ဆော်တာမျိုးတော့ မလုပ်ခဲ့ဘူးလို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၄)
မြန်မာနိုင်ငံဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၃မှာ ဖော်ပြထားတဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ တခြားကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူရမယ့် တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၁ ဦးက သဘောတူပြီး ၄ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၅)
မြန်မာနိုင်ငံဟာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေ အသက်ဝင်အကောင်အထည်ပေါ်စေဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ့် တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၆)
မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးခြင်းနဲ့အတူ စာချုပ် အပိုဒ် ၅ အောက်က တာဝန်ဝတ္တရားတွေကို လက်ရှိဆက်လက်ချိုးဖောက်နေမှုမှန်သမျှကို ရပ်တန့်ရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၇)
မြန်မာနိုင်ငံဟာ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေနဲ့ ဆက်စပ်ပြီး လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၃ နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ ကျိုးကြောင်းဆီလျော်စွာ သံသယရှိခံရသူအားလုံးကို စုံစမ်းစစ်ဆေးဖို့ ချက်ချင်းနဲ့ ထိရောက်တဲ့ ခြေလှမ်းတွေ လုပ်ဆောင်ရမှာဖြစ်ပြီး လိုအပ်ရင် တရားစွဲဆို အပြစ်ပေးအရေးယူရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၃ ဦးက သဘောတူပြီး ၂ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၈)
မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရား ချိုးဖောက်မှုတွေကို နောင်ထပ်မံမကျူးလွန်တော့ကြောင်း ခိုင်လုံတဲ့ စိတ်ချယုံကြည်ရမှုနဲ့ အာမခံချက်တွေ ပေးအပ်ရမှာဖြစ်ပြီး အနာဂတ်မှာ အလားတူ ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် တားဆီးရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၉ ဦးက သဘောတူပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၉)
မြန်မာနိုင်ငံဟာ လက်ရှိစီရင်ချက်ရဲ့ အပိုဒ် ၆၁၅ မှာ သတ်မှတ်ဖော်ပြထားတဲ့ မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးရေး အစီအမံတွေကို ချမှတ်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၁၀)
မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေအတွက် မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးမှုနဲ့ ရိုဟင်ဂျာတွေကို လျော်ကြေးပေးအပ်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၁၁)
ရိုဟင်ဂျာတွေ ရသင့်ရထိုက်တဲ့ လျော်ကြေး ဒါမှမဟုတ် တခြားနစ်နာကြေး ပြန်လည်ကုစားပေးမှု ပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေဆိုင်ရာ ကိစ္စရပ်ကို တရားရုံးကပဲ ဆုံးဖြတ်သတ်မှတ်သွားမှာဖြစ်ပြီး အဲဒီလို ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိစီရင်ချက် ချမှတ်ပြီး ၂နှစ်အတွင်းမှာ အပိုဒ် ၆၂၅ မှာ ဖော်ပြထားတဲ့ အစီရင်ခံစာကို ရုံးတော်ကို ပေးပို့တင်ပြရမယ်လို့ ဆုံးဖြတ်ပါတယ်၊ ဒါ့အပြင် ဒီရည်ရွယ်ချက်အတွက် အမှုရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို ရုံးတော်က ဆက်လက်ကိုင်တွယ်ထားမှာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၁၂)
မြန်မာနိုင်ငံဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂ ရဲ့ အကျုံးဝင်မှုအောက်မှာရှိတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်ဆိုင်ရာ သက်သေအထောက်အထားတွေ ဖျက်ဆီးခံရမှုကို တားဆီးဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ ထိရောက်တဲ့ အစီအမံတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့စွဲပါ ကြားဖြတ်အစီအမံ အမိန့် အပိုဒ် ၈၆ (၃) အောက်က တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၁ ဦးက သဘောတူပြီး ၄ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ရုံးတော်ရဲ့ ဆုံးဖြတ်ချက် (၁၃)
ဂမ်ဘီယာနိုင်ငံရဲ့ တခြားတင်ပြတောင်းဆိုချက် အားလုံးကိုတော့ ပယ်ချပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၅ ဦးစလုံးက တညီတညွတ်တည်း သဘောတူခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ ဆုံးဖြတ်ချက်တွေဟာ အယူခံတက်ခွင့် မရှိဘဲ အပြီးအပြတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ကုလသမဂ္ဂရဲ့တရားရုံးတော်က အမိန့်ချမှတ်တာဖြစ်လို့ စည်းနှောင်မှု ရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ ရုံးတော်ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်မှုရှိလာရင် ဂမ်ဘီယာအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြပြီး လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ခွင့်ရှိပါတယ်။
ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုရာမှာ ဂမ်ဘီယာနိုင်ငံအတူ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့အပြင် မော်လ်ဒိုက်၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ ဆလိုဗေးနီးယား၊ ဒီမိုကရက်တစ်ကွန်ဂို၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန် နိုင်ငံတို့လည်း တရားဝင် ပါဝင်ခဲ့ပါတယ်။

























































